ရန်သူမျိုးငါးပါး၊ ဒို့အရေးလေးပါး၊ ကပ်သုံးပါး
(မောင်စွမ်းရည် )
ရန်သူမျိုးငါးပါးဆိုတာ ရေဘေး၊ မီးဘေး၊ မင်းဆိုးဘေး၊ သူခိုးဓားပြဘေးနဲ့၊ ကိုယ့်ကိုမုန်းတဲ့သူရဲ့ ဘေးဆိုတာ ဗမာတိုင်းသိတယ်။ ကပ်သုံးပါးဆိုတာ အသက်ဘေး၊ အငတ်ဘေးနဲ့ ရောဂါဘေး တို့ပါပဲ။ သတ္တန္တရကပ်။ ဒုဗ္ဘိခန္တရကပ်၊ ရောဂန္တရကပ် လို့ ပါဠိလိုပဲ ခေါ်လေ့ရှိပါတယ်။ ဒီလို ဘေးရန် တွေနဲ့ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဗမာတွေ ဆုတောင်းလေ့ရှိကြပါတယ်။
သာသနာ့ဥသျှောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးဖြစ်တဲ့ ပီနန်ဆရာတော် ကြီးနဲ့ ထိုင်ဝမ်ဆရာတော်ကြီးတို့က ၂၀၀၈ မေ (၁၀) ရက်၊ စနေနေ့ညနေမှာ နယူးယော့ခ် ဗုဒ္ဓဘာသာ ဗမာပြည်ဖွား ဒကာဒကာမများကို တရားချီးမြှင့်တော်မူကြပါတယ်။ ဗမာပြည်ရဲ့ လေဘေး၊ ရေဘေးဒုက္ခသည်တွေကို ၀ိုင်းဝန်းကူညီကြဖို့ပါပဲ။ ပီနန်ဆရာတော်ကြီးကတော့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ကမောက်မက ဖြစ်နေခဲ့တာ ခုအခါ နှစ်ပေါင်း (၄၀) ကျော် (၅၀) ကြာကာလအတွင်း ခေတ်သစ်ကပ်ကြီး (၃) ပါး ဆိုက်နေပြီ။ ဒါတွေဟာ မင်းကျင့်တရား(၁၀) ပါးနဲ့လည်းမညီ၊ အပရိဟာနိယ တရား (၇) ပါးခေါ် တိုင်းပြည် မဆုတ်ယုတ်ကြောင်းတရား (၇) ပါးနဲ့လည်းမညီ အုပ်ချုပ်နေကြလို့ ဖြစ်ရတာလို့ ထောက်ပြ ဟောပြောပါတယ်။ ခုတော့ ပိုဆိုးသည်ထက် ဆိုးလာပါပြီ။
မကြာခင်ကဘဲ သံဃာတော်တွေကိုတောင် မြို့ပြလမ်းလယ်ခေါင်မှာ စစ်သားတွေက ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်ရုံမက ဘုန်းကြီးကျောင်းတွေအထိ လိုက်လံ လုယက် နှင်ထုတ်တာတွေ လုပ်ခဲ့လို့ သံဃာတော်တွေက သပိတ်မှောက် ကံဆောင်ပြီး သာရေး နာရေး မဆက်ဆံ၊ အလှူ အတန်း လက်မခံဘဲ ကျဉ်ခဲ့ကြပါတယ်။ ခုအခါတော့ ဗမာပြည်မှာ ဆိုင်ကလုန်းလေမုန်တိုင်း ကျရောက်ပြီး လူတွေ သောင်းသိန်းချီ သေကျေဒဏ်ရာ ရခဲ့ကြတဲ့အပြင် သောင်းသိန်းချီပြီး ပျောက်ဆုံးနေကြတာလည်း သေသည် ရှင်သည် မသိရသေးဘဲ ဖြစ်နေဆဲပါ။ သေသူများကို
လည်း သရဏဂုံမတင်ဘဲ မြှုပ်လိုက်ကြရတာတွေ ရှိပါတယ်။
သေတဲ့လူတွေ သေကြပြီး မသေဘဲ ကျန်သူတွေက မြစ်ဝကျွန်းပေါ် တခုလုံး အနှံ့အပြားမှာ အိုးမဲ့အိမ်မဲ့၊ စားရမဲ့ သောက်ရမဲ့နဲ့ ကယ်ပါ ယူပါ ဖြစ်နေကြပါတယ်။ မုန်တိုင်းစဲစ ပင်လယ်ပြင်မှာ မသေဘဲ ပျဉ်တိုပျဉ်စတွေနဲ့ ကူးခတ်နေသူတွေလည်း ရှိနိုင်ပါသေးတယ်။ ရေပေါ်မှာ မျောနေတဲ့ အလောင်းတွေလည်း ရှိပါသေးတယ်။ တာဝန်ရှိတဲ့ စစ်အစိုးရက ဘာမှ မလုပ်နိုင်ပါဘူး။ မသေဘဲ ကျန်သူတွေကိုလည်း သေအောင်စောင့်၊ သေသူတွေကိုလည်း ပုပ်အောင် စောင့်နေသလို ဖြစ်နေ ပါတယ်။
သဘာဝ ဘေးအန္တရာယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ ပြည်ပက စေတနာရှင်တွေက လေယာဉ်၊ ရေယာဉ်တွေနဲ့ ကယ်ပါရစေ၊ အစာရေစာနဲ့ ဆေးဝါးတွေ လာပေးပါရစေ ဆိုတာကိုတောင် စစ်ဗိုလ်ချုပ်တွေက လာခွင့်မပြုသေးပါဘူး။ ကူညီချင်သူ အမျိုးသမီးတချို့ကဆိုရင် ဗီဇာမရလို့ မျက်ရည်ကျကြရပါတယ်။ ကုလသမဂ္ဂကိုတောင် အကူအညီ လာတာ လက်မခံပါဘူး။ လက်ခံ သမျှကိုလည်း စစ်တပ်က ပစ္စည်းတွေပဲ သိမ်းယူလိုက်ပါတယ်။ ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေ ရှိပါတယ်ပေါ့။ အဲ- အဲဒီလူတွေက ဒုက္ခသည်တွေလက်ကို တကယ်ပေးပါသလား။ အလှူရှင်က သဟတ္တိဒါနအဖြစ် ကိုယ်ထိလက်ရောက် လှူချင်တာပါ။ ကြံ့ဖွံ့တွေက နောက်ဖေးပေါက်က ရောင်းထုတ်ပါသတဲ့။ ခုလည်း ဈေးတွေထဲ သွားကြည့်ပါ။
လယ်ယာတွေလည်း ပျက်၊ ကျွဲနွားတွေလည်းဆုံး၊ လယ်သမားတွေလည်း ဆုံးခဲ့ပြီဆိုတော့ စပါးမစိုက်နိုင်ရင် ဗမာတနိုင်ငံလုံး ဗိုလ်ချုပ်တွေကလွဲလို့ အားလုံးငတ်ကြရမှာပါ။ အငတ် ဘေးရဲ့နောက်ကကပ်ပြီး လုယက်သတ်ဖြတ်တာတွေနဲ့ ရောဂါဘယတွေလည်း မုချ ဖ၀ါးခြေထပ် ပါလာမှာပါ။ ဒါကို စစ်အစိုးရ တဦးတည်းလည်း မကယ်နိုင်ပါဘူး၊ ကယ်ချင်စိတ်လည်း မရှိပါဘူး။ မဆလ စစ်အစိုးရ လက်ထက်တုန်းက ပုသိမ်လေဘေးနဲ့ ရခိုင်လေဘေး ဒုက္ခသည်တွေအတွက် နိုင်ငံတကာက ပို့တဲ့ သက္ကလပ်စောင်တွေနဲ့ ရွက်ဖျင်တဲတွေရယ်၊ ဆေးဝါးပစ္စည်းတွေရယ် ဒုက္ခ သည်တွေလက် မရောက်ပါဘူး။ စစ်ဗိုလ်တွေ ဖြတ်ယူလိုက်သတဲ့။ မဟုတ်ရင်လည်း ငြင်းပါ။ အဲဒီတုန်းက စစ်ဗိုလ်တွေ ခုလည်း ရှိနေသေးသလို ဒုက္ခသည်တွေကလည်း အသက်ရှင်ဆဲ ရှိအုံးမှာပါ။ အဲဒီတော့ စစ်ဗိုလ်တွေကို ပြည်သူတွေကလည်း မယုံပါဘူး။ သင်ခန်းစာတွေ များခဲ့ပါပြီ။
ဆိုင်ကလုန်းမုန်တိုင်း စဲလျှင်စဲခြင်း စစ်တပ် သတင်းဌာနတွေက ပထမဆုံးကြေညာတာက ဘယ်လို ကယ်ဆယ်ရေးတွေ လုပ်မယ်ဆိုတာ မဟုတ်ပါ။ စစ်တပ် အာဏာရှင်စနစ် တည်မြဲ ရေးအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲကြီး ဆက်လုပ်မယ်ဆိုတာပါပဲ။ လူတိုင်း အံ့အားသင့်ကြရပါတယ်။ ပြည်သူတွေရဲ့ အသက်ကယ်ရေးထက် သူတို့ရာဇပလ္လင် တည်မြဲရေးပဲ အရေးထားသူတွေပါ။ ရေနစ်သူကို မကယ်ဘဲ သေနတ်နဲ့ ချိန်ပြီး မဲပေးခိုင်းနေတယ်လေ။
ဘုန်းတော်ကြီးတွေရဲ့တရားပွဲမှာ ထိုင်ဝမ်သာသနာပြု ဆရာတော်ကြီးကတော့ “အရေးချင်း မတူတဲ့အရေး တရားတော်” ကို ဟောကြားသွားပါတယ်။ ဗိုလ်ချုပ်တွေရဲ့ အရေးသုံးပါးကို လူတိုင်းသိပါတယ်။ အဲဒီ ဘာတည်မြဲရေး၊ ဘာမပြိုကွဲရေး၊ ဘာကာကွယ်ရေးဆိုတာ မဟုတ်ဘဲ ဘုရားဟောတဲ့ “ဒို့အရေး လေးပါး” ပါ။ ဘုရားက ရဟန်းတွေမှာ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊
ဆေး” ဆိုတဲ့ ပစ္စည်းလေးပါးကို အခြေခံ လိုအပ်ချက်အဖြစ် ဟောပါတယ်။ လူတွေအတွက်ဆိုရင် “စားဝတ်နေရေးနဲ့ ကျန်းမာရေး” ပါပဲတဲ့။ အစားရယ်၊ အ၀တ်ရယ်၊ အိုးအိမ်နဲ့ ဆေးဝါးရယ် ဒီလေးပါးပါပဲ။ ခု လေဘေးဒုက္ခသည်တွေအတွက် ဟိုအရေးသုံးပါးမလိုဘူး။ စားဝတ်နေရေးနဲ့ ဆေးဝါးလိုတယ်။ ပြည်ပရောက် ပြည်သူတွေနဲ့တကွ လူအားလုံးက ၀ိုင်းဝန်းကူညီကြပါလို့ နှိုးဆော်သွားပါတယ်။ အလွန်ရှင်းလင်းပြီး သဘာဝကျတဲ့ တရားတော်ပါပဲ။ ကပ်သုံးပါး ဆိုက် နေတာကို မဲတောင်းနေတာကတော့ တရားလွန်လှပါတယ်။ ဆန်လိုချင်တာ ကျည်ဆန်ပေးလို့ ဘယ်ဖြစ်မှာလဲ။ အာဏာလိုချင် မေတ္တာပေးရပါတယ်။ စားဝတ်နေရေး ဖြည့်ဆည်းပေးရပါတယ်။
ပြည်သူတွေ ကြုံတွေ့ခဲ့ရတာက ပင်လယ်ဘက်က တက်လာတဲ့ လှိုင်းလုံးကြီးတွေပါ။ နောက်ထပ် ရောက်လာမှာက သေပြီးရင်း သေနေကြရလို့ သေရမှာ မကြောက်တော့တဲ့ လူဆိုင်ကလုန်း လူ လှိုင်းလုံးကြီးတွေ ဖြစ်ပါလိမ့်မယ်။ ယတြာချေလို့ ရမယ်မဟုတ်ပါ။ ဗိုလ်ချုပ်ကြီးတွေ စိတ်ကောင်း မွေးကြပါ။ ။
(ခေတ်ပြိုင်ဝက်ဆိုက်ဘ်မှ)
Wednesday, May 14, 2008
နယူးယောက်ကရေးတဲ့စာ
B
Subscribe to:
Post Comments (Atom)
No comments:
Post a Comment