FREEDOM FIGHTER FOR BURMA: July 2008
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Wednesday, July 30, 2008

Naypyidaw-pile of bones

B

WHISPERING HOUSE TO HOUSE IN BURMA

"Mandalay"-for a Yatanarbon fire - "Pile of Ashes".

"Yangon"-for city trees fell by the cyclone Nargis-"Pile of Logs".

"Naypyidaw"-generals' new capital-"Pile of bones".

Aung Way

အပြည့်အစုံသို့ >>>

Saturday, July 26, 2008

မုန်တိုင်းမှနိုးထခြင်း (Nargis ကာတွန်းပြပွဲ-ရန်ကုန်)

B














အပြည့်အစုံသို့ >>>

Tuesday, July 22, 2008

မွေးနေ့ ၅၄

B


မွေးနေ့ လက်ဆောင်
(အောင်ဝေး)

ဒီဇူလိုင်လ(၂၃)ရက်နေ့ မှာ၊ သိဟ်ရာသီဖွား၊ (၅၄)ခုသားဟာ
အသက် (၅၄) နှစ်ပြည့်ပါတယ်။


မွေးနေ့မှာ
မိတ်ဆွေ (၅၄)ယောက်ကို ကဗျာ (၅၄) ပုဒ်ဝေမယ်။

မွေးနေ့မှာ
ရန်သူ (၅၄) ယောက်ကို ကျည်ဆန် (၅၄) တောင့်ခြွေမယ်။

မွေးနေ့မှာ
အမေရိကန် မဲဆောက်လို့ခေါ်တဲ့ ဖို့ဝိန်းမြို့ ကိုသွားမယ်။

မွေးနေ့မှာ
ကိုယ်စိုက်ထားတဲ့ ငရုတ်ပင် (၇) ပင်ကို ပေါင်းသင်မြေဆွမယ်။

မွေးနေ့မှာ
လွတ်လပ်တဲ့ အာရှအသံအတွက် ဆောင်းပါးတစ်ပုဒ်ရေးမယ်။

မွေးနေ့မှာ
ဒုတိယနိုင်ငံက ရဲဘော်တွေဆီ ဖုန်းဆက်မယ်။

မွေးနေ့မှာ
ကမ္ဘာကြီးငြိမ်းချမ်းဖို့ ချိုးဖြူငှက်တွေလွတ်မယ်။

မွေးနေ့မှာ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းမယ်။

မွေးနေ့မှာ
ဒုက္ခသည်အချင်းချင်းအတွက် ကောင်းမှုတစ်ခုလုပ်မယ်။

မွေးနေ့မှာ
တမလွန်က ထူးအိမ်သင်ဆီ အီးမေးလ်ပို့ မယ်။

မွေးနေ့မှာ
ရွှေဝါရောင်တော်လှန်ရေးရဲ့ ငါးရောင်ခြယ်အလံကို အလေးပြုမယ်။

မွေးနေ့မှာ
တတိယနိုင်ငံကလူတွေကို ကိုယ့်နိုင်ငံအကြောင်းပြောပြမယ်။

မွေးနေ့မှာ
နအဖစစ်အာဏာရှင်စနစ် ကျဆုံးပါစေလို့ ကြွေးကြော်မယ်။

မွေးနေ့မှာ
အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင်သီချင်းဆိုမယ်။

မွေးနေ့မှာ
ရန်ကုန်က လေထန်ကုန်းကိုလည်းလွမ်းမယ်၊ မဲဆောက်ကဒေါင်းရင်ပြင်ကိုလည်းလွမ်းမယ်။

မွေးနေ့မှာ
ချစ်သူအတွက် အိပ်မက်လှလှကလေးတစ်ခုမက်မယ်။

မွေးနေ့မှာ
သားတွေကို သတိရစိတ်နဲ့ ရှဥ့်ညိုလေးတွေ ထိုင်ကြည့်မယ်။

မွေးနေ့မှာ
မြန်မာလိုပြောမယ်၊ မြန်မာလိုနေမယ်၊ မြန်မာစာဖတ်မယ်။

မွေးနေ့မှာ
မွေးနေ့ဖြစ်တဲ့အတွက် သေနေ့အကြောင်းမစဉ်းစားတော့ပါဘူး။

ဒါပါပဲ၊ မစ်ရှီဂန်ရောက် ကဗျာဆရာတစ်ယောက်ဟာ၊ မိစ္ဆာကိုရင်ဆိုင်ဖို့ 
(၅၄)ခုမြောက် ရဲတိုက်ကို (၅၄)နှစ်ပြည့်မွေးနေ့မှာတည်ဆောက်လိုက်ပါတယ်။

နတ်လူသာဓုခေါ်စေသော်။ ။


(ဇူလိုင်၂၂-၂၀၀၈)

အပြည့်အစုံသို့ >>>

Saturday, July 19, 2008

1990 ရွေးကောက်ပွဲအတည်ပြုရေး တို့ အရေး

B

အပြည့်အစုံသို့ >>>

မစ်ရှီဂန်က ကဗျာတစ်ပုဒ်

B


မမခင်ဦးစံပယ်သို့ တမ်းချင်း
(အောင်ဝေး)

မမခင်ဦးစံပယ်ရေ
ဒီအချိန်ဟာဆမ္မားပေါ့။
ဒီမှာ
ပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်မည်းမည်း
ရှော့ပင်တိုတွေ
လမ်းသလားတဲ့ ရာသီ
လာပြီ။
ခေတ်ကြီးက ရှေ့ ကိုတဟုန်ထိုးတို(တို)တက်နေတာပါ
စကတ်တွေလည်းပေါင်ရင်းကပ်ကုန်ပြီ။
ဒါဆမ္မားလေ
အမေရိကားမှာတော့
ဒွန်နာဆမ္မားလည်းခေတ်မကုန်သေးဘူး။
ကျွန်တော်တို့ ရဲ့ဒေါ်မာမာအေး
ခေတ်မကုန်သလိုပေါ့။
ကျွန်တော်ဒွန်နာဆမ္မားကြိုက်တယ်
ဆိုဖိယာလောရင့်ကြိုက်တယ်
ခင်သန်းနုကြိုက်တယ်
စိုင်းထီးဆိုင်နဲ့ ခိုင်ထူးကြိုက်တယ်။

အနုပဋိလောမကြိုက်တယ်
ယင်အန်းမိန့် ခွန်းကြိုက်တယ်။
ကျွန်တော်က အဟောင်းကြိုက်သူ
ဂန္ထဝင်တွေကို ကြိုက်တယ်လေ။
ဒါပေမဲ့ မမခင်ဦးစံပယ်ရယ်
ကျွန်တော်ခေတ်နောက်ပြန်ဆွဲသူမဟုတ်ပါဘူး။
အစိုးရဟောင်းကို ကျွန်တော်မကြိုက်ဘူး
အစိုးရသစ်လိုချင်တယ်။
စစ်အာဏာရှင်စနစ်ကို ကျွန်တော်မကြိုက်ဘူး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုချင်တယ်။
စစ်အာဏရှင်စနစ်က
ဟောင်းနေတာကြာပြီ။
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးက
အသစ်ပေါ့။
ကျွန်တော်အဟောင်းကြိုက်ပေမဲ့
အသစ်တွေကိုကြိုဆိုပါတယ်။
ကျော်ကိုကိုတို့ မျိုးဆက်သစ်ကို
ကျွန်တော်ကြိုဆိုတယ်။
ခြွင်းချက်တော့ရှိမယ် မမခင်ဦးစံပယ်
အသစ်ဆိုပေမဲ့
အာဏာရှင်အသစ်ကို မကြိုက်ဘူး။
နအဖဖွဲ့ စည်းပုံအသစ်ကိုမကြိုက်သလို
ခွန်ဥက္ကာဖက်ဒရယ်ဖွဲ့ စည်းပုံအသစ်ကိုလည်းမကြိုက်ဘူး။
မမခင်ဦးစံပယ်ရယ်
စစ်အာဏာရှင်စနစ်ဖြုတ်ချရေးဆိုတာ
၄၆နှစ်တိုင်ခဲ့ပေမဲ့
မဟောင်းသေးတဲ့ ဂန္ထဝင်တိုက်ပွဲ
တိုးတက်နေဆဲ သစ်လွင်နေဆဲ။
ကျွန်တော် ၇၆ ကျောင်းသားခေါင်းဆောင်ဟောင်း
ကျွန်တော် ကဗျာဆရာဟောင်း။
ဒါပေမဲ့ ကျွန်တော်
ပြည်သူ့ အာဏာသစ်ကို မျှော်နေတယ်။
အသစ်ကိုမျှော်ရတာ
ရင်တော့ပူလှပါတယ်။
ဒီခေတ်မှာ
ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိပြီးသား။
အို မမခင်ဦးစံပယ်ရဲ့
မစ်ရှီဂန်နွေကပူလို့ မဟုတ်
ကျွန်တော့်ရင်ထဲ
နာဂစ်အလွန်ပေါက်ကွဲမယ့်
မီးတောင်အသစ်တစ်လုံး
မြုံနေတုန်းပဲလေ။ ။

(၁ ဇူလိုင် ၂၀၀၈)

အပြည့်အစုံသို့ >>>

ကျွန်တော့်ကဗျာ

B


စဉ်းစားရင်း ခေါင်းစားမိတယ်
(စစ်နိုင်မင်း)

တစ်နေ့ တစ်နေ့ 
အချိန်တွေကုန်
စဉ်းစားရင်း ထမင်းစားရင်း
ဒီနေ့ နဲ့  မနက်ဖြန်အတွက်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
ဒီတစ်ပတ်နဲ့  နောက်တစ်ပတ်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
ဒီလနဲ့  နောက်လ
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
ဒီနှစ်နဲ့  နောင်နှစ်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
အတိတ်၊ ပစ္စုပ္ပန်နဲ့  အနာဂတ်အတွက်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
အတွေးတွေခြောက်တယ်
အရှပ်ထုပ်တွေကို မစဉ်းစားချင်
အတွေးထဲကို ရောက်လာတဲ့
ယောင်ချာချာအတွေး
စဉ်းစားရင်း ခေါင်းစားမိတယ်
အချိန်တိုင်း အချိန်တွေအတွက်
စဉ်းစားရင်း ခေါင်းစားမိတယ်
အတွေးလေးတစ်ခု စဉ်းစားလို့ မရ
ဒီနေ့ လား မနေ့ ကလားဆိုတာ
စဉ်းစားရင်း ခေါင်းစားမိတယ်
ငယ်စဉ် ယခုအချိန်ခါမှာ
ပညာတွေသင်ပြီး
ဆန်းသစ်တဲ့ အတွေးခေါ်သစ်တွေနဲ့ 
တီထွင်နိင်ဖို့ လိုအပ်နေ
ခေါင်းစားမယ့် အတွေးတွေကို
မတွေးတောဘဲ
နေတာကောင်းမယ်။ ။

အပြည့်အစုံသို့ >>>

Wednesday, July 16, 2008

ကျောင်းသားခေါင်ဆောင်ကိုကိုကြီး

B


မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အားဆေးတစ်ခွက်

(သို့မဟုတ်)

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဒုတိယအကြိမ် အဖမ်းမခံရမီ ၂၆ စက်တင်ဘာ ၂၀၀၆တွင်ပြောကြားခဲ့သော စကားများ


ကျွန်တော်တို့ သက်ရှိထင်ရှား မရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီး တစ်လျှောက်လုံးမှာ ပြန့်နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား …”


ကိုကိုကြီးတို့ကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းသွားပြီးတော့ နှစ်ပတ်လောက် အကြာမှာ သူငယ်ချင်း တစ်ယောက်က ကိုကိုကြီးနဲ့ ပြောထားတာတွေကို အီးမေးလ်နဲ့ ပို့ပေးလိုက်ပါတယ်။ ကျွန်တော်ဖတ်ဖို့ ပို့လိုက်တာ ဖြစ်ပေမယ့် အားလုံးအတွက် ဖော်ပြချင်တဲ့အတွက် ဖော်ပြခွင့် တောင်းလိုက်ပါတယ်။ တကယ်တော့ ဒီအင်တာဗျူးဟာ ဘယ်သူက ဘယ်နေရာမှာ ပြုလုပ်တယ်ဆိုတာကို မသိရသလို ကျွန်တော့် သူငယ်ချင်းဆီကို ဘယ်လိုရောက်လာသလဲ ဆိုတာလည်း မသိပါဘူး။ ဒါ့ကြောင့် တစ်စုံတစ်ရာ မှားယွင်းမှုရှိရင် ဘားမားတူဒေးမှာသာ အပြစ်ရှိပါကြောင်းနဲ့ ဒီသတင်းဟာ စိတ်ချရတဲ့ သတင်းရပ်ကွက်က ရရှိတယ်လို့ပဲ ပြောပါရစေခင်ဗျာ။ ကိုကိုကြီး ဘာတွေပြောထားခဲ့သလဲ ဖတ်ကြည့်ရအောင်ပါ။

အခုတလောမှာပေါ့လေ။ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ ပတ်သက်ပြီးတော့ သတင်းစာထဲမှာ ဆက်တိုက်ဆိုသလို စွပ်စွဲတာတွေ၊ တိုက်ခိုက်တာတွေ တောက်လျှောက် တွေ့နေရပါတယ်။ အဲဒီတော့ တချို့ကလည်း စိုးရိမ်တာတွေ ရှိတယ်ပေါ့လေ။ ကိုကိုကြီးတို့ကို မကြာခင်မှာ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေများ ဖြစ်လာမလား ဆိုပြီးတော့ စိုးရိမ်ကြတာတွေ ရှိပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးရဲ့ အမြင်လေး သိပါရစေ။

ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ ဆိုတာက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ထောင်ထဲမှာ ၁၄ ၊ ၅ နှစ် နေခဲ့ရပြီးပြီ။ ထောင်ထဲမှာ ဘယ်လိုနေရထိုင်ရမယ် ဆိုတာလည်း ကျွန်တော်တို့ အကျွမ်းတ၀င် ဖြစ်ပြီးသားပါ။ တစ်ခုပဲ၊ ကျွန်တော်တို့က အဖမ်းခံရမှာ မကြောက်ဖူး၊ အလုပ်မလုပ်နိုင်မှာပဲ စိုးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့က အကျဉ်းကျနေတဲ့ဘ၀၊ လွတ်လပ်မှု ဆိတ်သုဉ်းနေတဲ့ ဘ၀မှာ လူငယ်ဘ၀တစ်ခုလုံး ပေးဆပ်ခဲ့ရတဲ့ အခါကျတော့ လွတ်လပ်မှုရဲ့ တန်ဖိုးကို တခြားသူတွေထက် ပိုပြီးတော့လည်း သိတယ်၊ ပိုပြီးတော့လည်း ခံစားနိုင်တယ်။ ကျွန်တော်တို့ဟာ လွတ်လပ်မှုကို မြတ်နိုးပါလျက်နဲ့ ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီလိုမျိုး အဖမ်းဆီးခံရမယ့် အချုပ်နှောင်ခံရမယ့် အလုပ်မျိုးကို လုပ်နေသလဲဆိုတော့ သန်း ၅၀ကျော် ပြည်သူတွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိတ်ထိတ်လန့်လန့်နဲ့ နေနေရနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့အတွက်၊ လွတ်လပ်တဲ့ ငြိမ်းချမ်းတဲ့ ဘ၀တွေ ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ တစ်ဦးချင်းရဲ့ လွတ်လပ်မှုတွေကို ပေးဆပ်ပစ်မယ်၊ စတေးပစ်မယ်လို့ ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ကတည်းက ကမူးရှူးထိုးနဲ့ ဖမ်းသွားပလေ့စေ၊ ဖမ်းရင် ဖမ်းသွားပလေ့စေ ဆိုပြီးတော့ မျက်ကန်းတောတိုး လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၁၄၊ ၅ နှစ် ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကာလတွေ အတွင်းမှာလည်းပဲ ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ပေါ်ပြောင်းလဲသွားအောင် ကျွန်တော်တို့ ဘယ်လိုကြိုးပမ်းကြမလဲ၊ ဘယ်လို ချဉ်းကပ်ကြမလဲလို့ ကျွန်တော်တို့ ထောင်ထဲမှာကတည်းက၊ အကျဉ်းကျနေတဲ့ ဘ၀မှာကတည်းက ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။

ဒါ့ကြောင့်လည်းပဲ ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်ကစပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရေးတကြီး ဆောင်ရွက်ကြဖို့၊ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကျပ်အတည်းအားလုံး၊ ဒုက္ခသုက္ခအားလုံးရဲ့ အခြေခံဇစ်မြစ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲလို့ လေးလေးနက်နက်ကို ခံယူတဲ့အတွက်ကြောင့် လွတ်လာကတည်းက ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အကုန်လုံးက တိုင်ပင်ထားသလိုပဲ တညီတညွတ်တည်း ဒါကို ရေငတ်သလို တစာစာ တောင်းလာခဲ့တာပါ။ တိုက်တွန်းလာခဲ့တာပါ။ အခုအချိန်ထိပါပဲ။

အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ စေတနာ ကျွန်တော်တို့ နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ထွန်းတိုးတက် စေချင်တဲ့ စေတနာ အဲ့ဒီအထဲမှာ နိုင်ငံသားဆိုလို့ ကိုယ့်ကို ထောက်ခံတဲ့သူတွေ ကိုယ့်ကို အားပေးတဲ့သူတွေ သက်သက်ကိုပဲ ပြောနေတာ မဟုတ်ဘူး။ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုတွေ၊ အရာထမ်း အမှုထမ်းတွေ၊ နောက်ဆုံး ကျွန်တော်တို့ကို ဖမ်းဆီးထောင်ချပစ်လိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး အကျုံးဝင်တယ်။ ကျွန်တော်တို့ ခံစားစေချင်တဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း အရသာကို ခံစားစေချင်တဲ့ သူတွေထဲမှာ သူ့လူ ကိုယ့်လူမခွဲဘူး၊ အားလုံး အသီးသီး ညီတူမျှတူ ခံစားစေချင်တယ်။ ဒါ ကျွန်တော်တို့ စေတနာပဲ။

အဲ့ဒီအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ အဖမ်းခံသွားရလည်း ကျွန်တော်တို့ ပျော်ပျော်ကြီးပဲ အဖမ်းခံပစ်လိုက်မှာပဲ။ အဲ့ဒီတော့ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင်ထားလို့ မရဘူး၊ သတ်ဖြတ်ပစ်လို့ မရဘူး။ ကျွန်တော်တို့ သက်ရှိထင်ရှား မရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီး တစ်လျှောက်လုံးမှာ ပြန့်နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား …

အဲ့ဒီတော့ … တကယ်လို့ အဖမ်းခံရရင်လည်း ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမှာပါ။ အဲ့သလို ကြုံလာရတဲ့ အခါမျိုးမှာလည်း ကျွန်တော်တို့ကို တရားခံတယောက်လို စစ်မေးတာမျိုးကိုလည်း ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းပဲ ကျွန်တော်တို့ ပြောမယ်။ ကျွန်တော်တို့ဟာ အကျိုးဆောင်တွေ တနည်းအားဖြင့် ရှေ့နေတွေ၊

ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို၊ ခံစားနေရတဲ့ အခက်အခဲတွေကို သူတို့ကိုယ်စား ကျွန်တော်တို့က အကျိုးဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့ဒီတော့ ရှေ့နေကို တရားခံလို စစ်မေးတာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။

ကျွန်တော်တို့ကို ကျွန်တော်တို့ စိတ်ကူး၊ စိတ်သန်းတွေ တိုင်းပြည်ကို ကျွန်တော်တို့ ဖြစ်စေချင်တဲ့ စေတနာတွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခွင့်ရခဲ့ရင် ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲ့သလိုမှ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို စာရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်း ဘယ်ကရသလဲ၊ ဘယ်လိုလုပ်သလဲ ဆိုတာမျိုးကို ကလေးကလား ကိစ္စမျိုးကို ကျွန်တော်တို့က တရားခံပုံစံမျိုးနဲ့ ကျွန်တော်တို့ အစစ်မေးခံမှာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော်တို့ ဖြေကြားနေမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အင်မတန် ကြီးကျယ်မြင့်မြတ်တဲ့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေးကို ကျွန်တော်တို့ ကြိုးပမ်းနေတာ ဆောင်ရွက်နေတာ၊ အဲ့ဒီအတွက် နိုင်ငံရေးအရ အရေးပါတဲ့ သူတွေ၊ အဖွဲ့အစည်းတွေအားလုံး ဒီအမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားမှာပဲ။ စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော်တို့ ကြိုးစားမှာပဲ။

ကျွန်တော်တို့တင် မဟုတ်ဘူး၊ ဘက်အသီသီးက ပုဂ္ဂိုလ်အားလုံးလည်း စိတ်ရှည်ရှည်နဲ့ သဘောထားကြီးကြီးနဲ့ အားလုံးကို ထိတွေ့ ဆွေးနွေးနိုင်အောင် ကြိုးစားဖို့ကိုလည်း ကျွန်တော်တို့ ထပ်ခါတလဲလဲ တိုက်တွန်းနေတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးယုံကြည်ချက်က ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေးအတွက် အကြမ်းမဖက်၊ အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ရဲ့ အဓိဋ္ဌာန်ပဲ။ သန္နိဋ္ဌာန်ပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ ပတ်သက်တဲ့ ဟာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး၊ ကျွန်တော်တို့မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း မှန်သမျှကိုတော့ ကျွန်တော်တို့ အသုံးချသွားမှာ ဖြစ်တယ်။

အဲ့တော့ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ အပိုင်းလည်းရှိတယ်။ ပြည်သူတွေအနေနဲ့ နိုင်ငံရေး ပြဿနာဟာ နိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းက ကိုယ့်ကိုယ်ကိုယ် ငါ့မှာလည်း တာဝန်ရှိတယ်။ ငါတတ်နိုင်တဲ့ အပိုင်းကနေ ငါဆောင်ရွက်ပြမယ်ဆိုတဲ့ စိတ်နှလုံးမျိုး မွေးမြူနိုင်မှ၊ ဒီလိုစိတ်အခံမျိုး ထားနိုင်မှ ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ခုလုံး လျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်ပြောချင်တယ်။

ဒီနေရာမှာ ကိုကိုကြီးက ပြည်သူတွေပါဝင်ဖို့ အပိုင်းကို ပြောတယ်။ ပြည်သူတွေအနေနဲ့က စားဝတ်နေရေး အကျပ်အတည်းတွေက တစ်မျိုး၊ နေ့စဉ်ရုန်းကန်ရ လှုပ်ရှားရတာတွေနဲ့ အဲ … တစ်ဖက်ကလည်းပဲ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရနဲ့ အထိတ်ထိတ် အလန့်လန့်နဲ့ နေနေရတဲ့ ဘ၀မျိုးတွေမှာ ပြည်သူတွေ ပါဝင်ဖို့ဆိုတာ၊ ဘယ်လို ပါဝင်ဆောင်ရွက်ရမလဲ၊ အဲ့ဒါလေးတော့ တိတိကျကျ ပြည်သူတွေလည်း သိသွားအောင်ပေါ့လေ ပြောပြနိုင်လို့ရှိရင် ကိုကိုကြီးအနေနဲ့ ပြောပြပေးပါ။

ကျွန်တော့်အမြင်မှာတော့ ပြည်သူဆိုတာ ပြည်သူပဲ။ နိုင်ငံရေးသမား မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေလိုမျိုး အယူဝါဒဆိုင်ရာတွေ၊ သီအိုရီတွေ အဲ့ဒါတွေသိမှ နိုင်ငံရေးလုပ်လို့ရတယ် ဆိုတာလည်း မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေလို တခါတည်း တစ်သက်လုံးပဲ ထောင်ထဲနေရနေရ၊ အငတ်ငတ် အပြတ်ပြတ်နဲ့ သူ့ဘ၀တစ်ခုလုံး နိုင်ငံရေးထဲမှာပဲ မြုပ်နှံထားတယ် ဆိုတာလည်း ပြည်သူတွေအနေနဲ့ လိုက်မလုပ်နိုင်ဘူး၊ ဒါ သဘာဝပဲ။

ပြည်သူဆိုတာက သူ့တစ်ဦးချင်းရဲ့ ထမ်းဆောင်နိုင်တဲ့ အကန့်အသတ် ရှိတယ်။ သူ့မှာ မိသားစုနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ သူ့ရပ်ကွက်၊ ရပ်ရွာနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ထပ်တူတော့ ပြည်သူက လိုက်မလုပ်နိုင်ဘူး၊ နိုင်ငံရေးသမားတွေ တွေးသလိုလည်း ရှုပ်ရှုပ်ထွေးထွေးတွေ မတွေးနိုင်ဘူး။ ပြည်သူတွေအနေနဲ့ တွေးနိုင်တဲ့အပိုင်း လုပ်နိုင်တဲ့ အပိုင်းကတော့ ရိုးစင်းပါတယ်။ အဓိကက ပြည်သူတစ်ယောက်ရဲ့ အဓိက သူနေ့စဉ် ဖြေရှင်းနေရတဲ့ စားဝတ်နေရေး ပြဿနာ။ အဲ့ဒီတော့ စားဝတ်နေရေးပြဿနာ ဖြေရှင်းရေးနဲ့ မလွဲမရှောင်သာ ဒီအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ထိစပ်နိုင်ရမယ်၊ ပတ်သက်နိုင်ရမယ်။ အဲ့ဒီအခါကျတော့မှ ဘာကိစ္စပဲ လုပ်လုပ်၊ စီပွားရေးလုပ်ငန်းတစ်ခုခု လုပ်ပြီဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးရ၊ ကမ်းရ၊ ဟိုကနေပြီးတော့ ဖြတ်ပိုင်းလာလည်း ဖြတ်ရ၊ မလှူချင်လည်း လှူရ၊ စသဖြင့် ရင်ဆိုင်နေရတာတွေ ရှိတယ်။ ဆိုတော့ အဲ့ဒါတွေကို မကျေနပ်ဘဲနဲ့လည်း အောင့်သီးအောင့်သက် ပေးနေရတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အဓိက ကြောက်လို့ပဲ။

အဲ့ဒီကြောက်တာနဲ့ ပတ်သက်ပြီးတော့ သေချာပြန်ပြီး လေ့လာဖို့လိုမယ်။ ပြန်ပြီး ဆန်းစစ်ဖို့လိုမယ်။ နိုင်ငံရေးသမားတွေ လုပ်နေတာကို ဂဃနဏ မသိရင်တောင်မှ ဒီလူတွေ အနစ်နာခံပြီး လုပ်နေတယ်။ သူတို့ မလုပ်ရဲတာတွေ လုပ်နေတယ် ဆိုပြီးတော့ တိုးတိုးတိတ်တိတ် ကျွန်တော်တို့ကို ထောက်ခံကြတာတွေ ရှိတယ်။ တချို့လည်း တဆင့်စကားနဲ့ လှမ်းပြီးတော့ ချီးကျူးကြတာ၊ အားပေးကြတာတွေရှိတယ်။ သို့သော် သူတို့ကတော့ မလုပ်ရဲဘူး၊ နောက်တခါ နိုင်ငံရေးသမားနဲ့ သွားစကားပြောရင် သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလို့ရှိရင် အန္တရာယ်ရှိတယ် ဆိုတဲ့အသိ၊ အဲ့ဒါကြီးကလည်း ကျွန်တော်တို့ ပြည်သူတွေကြားထဲမှာ ခြိမ်းခြောက်နေတယ်။ အဲ့ဒီတော့ နိုင်ငံရေးကိုတော့ ထောက်ခံတယ်။ နိုင်ငံရေးသမားတော့ မဆက်ဆံရဲဘူး၊ ဆိုတော့ ဒါလည်း မဟုတ်သေးဘူး။

နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့ မရဘူး၊ ပြည်သူတွေရဲ့ ထောက်ခံမှု မရဘူးဆိုရင် ဘာမှလုပ်လို့မရဘူး။ အဲ့ဒီတော့ ပြည်သူတွေ လုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံး လုပ်နိုင်တဲ့ အပိုင်းကတော့ ဆက်ဆံပါ။ နိုင်ငံရေးသမားကို ရဲရဲတင်းတင်း ဆက်ဆံပါ။ ထောက်ခံပါ။ ဆူပူမှု လုပ်နေတာ မဟုတ်ဘူး၊ အကြမ်းဖက်မှု လုပ်နေတာ မဟုတ်ဘူး။

နိုင်ငံရေးမှာ ပြည်သူတွေ ပါဝင်ဖို့ လိုတယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောတာတွေ ကျွန်တော်တို့ ကြားရပါတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့က ဘာတွေ လုပ်ပေးရမလဲ၊ ဘယ်လို ပါဝင်ရမလဲ၊ အဲ့ဒါတော့ နည်းနည်း ရှင်းရှင်းလေး ပြောပြပေးစေချင်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာ ဒါ ကျွန်တော်တို့ ထပ်ခါတလဲလဲလည်း ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၅၄ သန်းရဲ့ လူနေမှုဘ၀တွေ ဒီလူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ပြောင်းလဲပစ်ဖို့ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ ဆိုတာလောက်နဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး၊ အဲ့ဒီတော့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း ဆိုတာကလည်း ပြည်သူတွေနဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ ကြာလိုပါပဲ။ ရေမရှိဘဲနဲ့ ကြာလည်း မရှိနိုင်ဘူး၊

အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ပြည်သူနဲ့ကို နောက်တစ်နည်း ဥပမာပေးရမယ်ဆိုရင် အမှုသည်နဲ့ ရှေ့နေနဲ့ တူပါတယ်။ အမှုသည်က ဥပဒေ နားမလည်ဘူး၊ သူ ဘယ်လိုခံရတယ်။ မတရားသဖြင့် သူ ဘယ်လိုခံရတယ်။ သူ ဘာတွေ နစ်နာတယ်ဆိုတာကို သူ မကျေနပ်တာလောက်ပဲ ရှိတယ်။ အဲ့ဒါကို ဥပဒေကြောင်းအရ တရားခွင်မှာ ထိထိရောက်ရောက် လျှောက်လဲနိုင်ဖို့အတွက် စွဲဆိုနိုင်ဖို့အတွက် ရှေ့နေ ငှားရမယ်။ အဲ့ဒါ ရှေ့နေတော့ ငှားလိုက်ပါရဲ့၊ အမှုသည်က ရှေ့နေနဲ့ ပူးပေါင်းမှု မရှိဘဲနဲ့ ဖာသိဖာသာ သူနဲ့မဆိုင်သလိုမျိုး နေမယ်ဆိုရင် အဲ့ဒီရှေ့နေက ဘာမှလုပ်လို့မရဘူး၊ အဲ့တော့ အမှုသည်က ဖြစ်ကြောင်းရယ်ကုန်စင် ရှေ့နေကို ပြောပြဖို့လိုတယ်။ ရှေ့နေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ အဲ့ဒီလို အခြေအနေမျိုး မရှိဘူးဆိုရင် ရှေ့နေချည်းသက်သက်နဲ့ ဘာမှ လုပ်လို့မရဘူး၊ အဲ့ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေနဲ့ ဆိုတာကလည်း အမြဲတမ်း ဆက်စပ်ဖို့ လိုတယ်။

အဲ့တော့ ဒီနေရာမှာ ပြည်သူတွေကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မဆက်ဆံရဲအောင် ဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ နေရာအနှံ့မှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတယ်။ အဲ့ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ နိုင်ငံရေးလုပ်တဲ့ သူတွေကို မခေါ်ရဲ၊ မပြောရဲ၊ မဆက်ဆံရဲ ဖြစ်နေကြတာလည်း ရှိတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ လုပ်နိုင်တဲ့အပိုင်းက ဘာလဲဆိုတော့ ကိုယ့်ရှေ့နေကိုတော့ ကိုယ့်အကျိုးဆောင်ကိုတော့ ကိုယ်ရဲရဲတင်းတင်း ဆက်ဆံရဲဖို့ လိုတယ်။ နိုင်ငံရေးသမားတွေလိုမျိုး သိပ်ပြီးတော့ အန္တရာယ်ရှိတဲ့ ကိစ္စမျိုး နှစ်ရှည်လများ အဖမ်းဆီးခံ ထောင်ချခံရမယ့် ကိစ္စမျိုး မလုပ်ရဲဘူး ဆိုရင်တောင်မှ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ ကိုယ့်အခက်အခဲတွေ၊ ကိုယ်ကြုံတွေ့ရတဲ့ ပြဿနာတွေ အဲ့ဒါတွေကို ရင်ဖွင့်ဖို့ တိုင်ပင်ဖို့လိုတယ်။

အဲ့တော့ နိုင်ငံရေးသမားနဲ့ ဆက်ဆံလို့ လာပြီး မေးတာမြန်းတာတွေ ရှိတယ်။ ဒီလူနဲ့ ဘယ်လိုသိသလဲ၊ ဘယ်တုန်းက သိတာလဲ၊ အခု ဘာတွေပြောသလဲ၊ သူက ဘာတွေပြောသလဲ၊ ဒါမျိုးတွေ လာပြီး မေးတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် အကြံပေးချင်တာ၊ တိုက်တွန်းချင်တာက အဲ့ဒီတော့ ခင်ဗျားက အဲ့ဒီလိုမျိုး လာအမေးခံရရင် ကြောက်တယ်။ တကယ့်တကယ်တော့ သေသေချာချာ စဉ်းစားကြည့်၊ ခင်ဗျားကို လာမေးတဲ့လူ ကိုယ်နှိုက်ကလည်း ကြောက်နေတာပဲ။ အဲ့ဒါကို ကျွန်တော်တို့က သတိမထားမိဘူး။ လာမေးတဲ့သူက သူက သာမာန်ဝန်ထမ်းပဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခုခုက ၀န်ထမ်းပဲ။ အဲ့တော့ သူ့မှာရှိတဲ့ အကြောက်တရားက သူ့အထက် အဆင့်ဆင့်ကို သူက အစီရင်ခံစာ မတင်သွင်းနိုင်မှာ သတင်းမပို့နိုင်မှာ အဲ့ဒါကြောက်တယ်။ တကယ်လို့ သူက ဘာမှ သတင်းမပို့နိုင်ဘူးဆိုရင် သူ့ကို အရေးယူမှာ အပြစ်ပေးမှာ အဲ့ဒါကို သူက ကြောက်တယ်။ ပြီးတော့ ခင်ဗျားတို့ကို လာမေးပြီ ဆိုကတည်းက သူကိုယ်နှိုက်က ခင်ဗျားတို့ကို ကြောက်လို့ လာမေးတာ၊ အဲ့ဒါကို ခင်ဗျားတို့ကလည်း ဘာမှ မစူးစမ်း မဆင်ခြင်တော့ဘဲနဲ့ တန်းပြီ်းတော့ ကြောက်ပစ်လိုက်ကြတာပဲ။

အဲ့တော့ မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်စမ်းပါ။ အော် … ငါကသာ ကြောက်နေတာ၊ သူကလည်း ကြောက်ကြောက်နဲ့ လာမေးတာပါလားဆိုရင် ကြောက်တဲ့ လူအချင်းချင်းမှာ ခင်ဗျားက ပိုပြီးတော့ ကြောက်စရာ အကြောင်းမရှိတော့ဘူး၊ အဲ့ဒီတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြီးတော့ ရင်ဆိုင်ပါ။ ကျွန်တော်တို့ နင်ပဲငဆ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း သူလည်း သူ့စားဝတ်နေရေးအတွက် ဒီအလုပ်ကို လုပ်နေရတာ။ ကြောက်လို့ ခင်ဗျားကို လာမေးနေတာ။

အဲ … တစ်ခုတော့ရှိတယ်။ အကြောက်လွန်တဲ့အခါမှာ ခြိမ်းခြောက်တာမျိုး ဖြစ်တတ်တယ်။ ခြိမ်းခြောက်တာ အကြောက်လွန်လို့ ခြိမ်းခြောက်တာ။ အဲ့ဒီတော့ ဘာတွေ ဖြစ်လာတတ်လဲဆိုတော့ လာမေးတဲ့သူက တာဝန်ရှိတဲ့အဆင့် တစ်ယောက်ယောက်က ခင်ဗျား အဲ့ဒီလူနဲ့ မဆက်ဆံဖို့၊ ခင်ဗျား အဲ့ဒီအိမ်မသွားပါနဲ့၊ အဲ့ဒီတော့ သွားရင်၊ ဆက်ဆံရင်တော့ ခင်ဗျား ဒုက္ခရောက်လိမ့်မယ် သို့မဟုတ် ခင်ဗျား အရေးယူခံရလိမ့်မယ်။ အဲ … ကျွန်တော်တို့ ကလေးတွေအတွက် နောက်စရာ၊ ရယ်စရာစကားလုံးတွေနဲ့ ကျွန်တော်တို့ ပြောနေရတာပေါ့။ ဘယ်လောက် အဆင့်ရှိတဲ့ သူမှန်းတော့ မသိဘူး။ အဲ့ဒီမှာ စပီကာနဲ့၊ အသံချဲ့စက်နဲ့ လျှောက်လျှောက်ပြီး အော်နေတယ် ။ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုတာကို၊ တည်ဆဲဥပဒေဆိုတာက ဘာဥပဒေလဲမသိ၊ ဘယ်လို အရေးယူရမယ်မှန်းလဲ မသိ။ အဲဒါကို ခံတွင်းတွေ့ပြီးတော့ မိုင်ကရိုဖုန်းကိုင်တဲ့ ပုဂ္ဂိုလ်တိုင်းက ရွာရိုးကိုးပေါက် လှည့်ပြီးတော့ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုပြီးတော့ အော်နေတာ။ ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ်ကြုံနေရတဲ့ ပြဿနာပါ။

အဲ့ဒီတော့ ကျွန်တော်တို့ ကြောက်တာလည်း တစ္ဆေ၊ သရဲ ကြောက်သလိုပေါ့၊ ဘာမှန်း ညာမှန်းမသိ၊

ဟာ … တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဆိုပြီး စဉ်းစားမနေတော့ဘဲ တန်းပြီး ကြောက်ပစ်လိုက်ကြတာ၊ ကြောက်ပစ်လိုက်တာပဲ အန္တရာယ်ကင်းတယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ တွေးပုံခေါ်ပုံတွေက ခေါက်ရိုးကျိုးနေပြီ။ အဲ့ဒီတော့ တကယ့်တကယ် ကြောက်တော့ ကြောက်ပါ။ ကြောက်အောင် လုပ်ရင်တော့ ကြောက်ပါတယ်။ သူသူကိုယ်ကိုယ် ကြောက်အောင်လုပ်ရင်တော့ ကြောက်ပါတယ်။ သို့သော် မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်ကြပါ။ အဲ့ဒီသက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို နည်နည်းလေးတော့ ပြန်မေးဖို့လိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင် ကြောက်နေတာကို လူတိုင်းက သိပါတယ်။ ကြောက်ကြောက်နဲ့ လျှောက်လုပ်နေတာ။

အဲ့ဒီတော့ ယဉ်ယဉ်ကျေးကျေး ကျေးဇူးပြုပြီးတော့ ကျွန်တော် တဆိတ်မေးပါရစေ။ ခင်ဗျားသိချင်တာလည်း ကျွန်တော်ပြောမယ်။ ခင်ဗျားရဲ့ နာမည်၊ ဘယ်အဖွဲ့အစည်းကလဲ၊ ဘာရာထူးအဆင့်လဲ၊ ခင်ဗျားရဲ့ တာဝန်အဆင့်အတန်းက ဘာလဲသိပါရစေ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကြုံနေရတာက ဘယ်သူလဲမသိ၊ ဘာဝါမှန်း မသိ၊ ယူနီဖောင်းလည်း မပါ၊ အရပ်ဝတ်ဆိုရင်ကို သူတို့ ကြောက်နေကြတယ်၊၊ အဲ့ဒီတော့ ကျွန်တော်တို့ဟာ ဘယ်သူကလာပြီး ခြိမ်းခြောက်မှန်းမသိ ဖြစ်နေတယ်။ အဲ့ဒီတော့ တကယ်လို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်က ကျွန်တော်တို့ကို လာမေးတာဆိုရင် တိတိကျကျ သိပါရစေ။ အဲ့ဒီလောက်တော့ မေးခွင့်ရှိတယ်၊ ဒါဟာ သူ့ကို ကျွန်တော်တို့က ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာလည်း မဟုတ်၊ ဒါက ပထမအဆင့်ပေါ့။

သူက ကောင်းကောင်းမွန်မွန်၊ သူ ဘယ်အဖွဲ့စည်းကပါ။ တာဝန်အရ မေးရတာ ဖြစ်ပါတယ်။ ဟုတ်ပြီ ဖြေလိုက်ပါတယ် ဒီလူနဲ့ ကျွန်တော်က ခင်တယ် ငယ်ငယ်တည်းက သူငယ်ချင်း သို့မဟုတ် ဘယ်တုန်းက သိတယ်။ သူဖိတ်လို့ ကျွန်တော်သွားတာ လမ်းမှာတွေ့တော့ စကားပြောတာ ကျွန်တော်တို့ ဘာမှလည်း ဖုံးကွယ်ထားစရာ မလိုဘူး။ နိုင်ငံရေးလုပ်တဲ့ အလုပ်ကို ခိုးကြောင်းခိုးဝှက် လုပ်ရမယ့် အလုပ်လည်း မဟုတ်ဘူး။ တနိုင်ငံလုံးအရေးအတွက် လုပ်နေတာ၊ အဲ့ဒီတော့ မေးရင် ဖြေရုံပဲပေါ့၊၊

နောက်တစ်ခု၊ နောက်တစ်ဆင့် တက်ပြီးတော့ ဘာလာလုပ်တာလဲ၊ ဘယ်မသွားနဲ့။ တကယ်လို့ ခင်ဗျား မလိုက်နာဘူးဆိုရင် ခင်ဗျား ဒုက္ခရောက်သွားလိမ့်မယ်၊ အရေးယူ ခံရလိမ့်မယ်လို့ သူက ပြောလာပြီဆိုရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပဲ ပြန်တော့ပြောပါ၊ ဟုတ်ကဲ့ ဥပဒေအရ တားမြစ်တာ၊ ကန့်သတ်တာ ဆိုရင်တော့ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ရာထူးအဆင့်အတန်း ဘယ်သူဘယ်ဝါကနေ ဒီလူနဲ့ မဆက်ဆံပါနဲ့၊ ဒီနေရာကို မသွားပါနဲ့လို့ တားမြစ်တယ်၊ ချိုးဖောက်ရင် အရေးယူမယ်လို့ အသိပေးတယ် ဆိုတာကို စာနဲ့ပေနဲ့ ဥပဒေအရ ဘောင်ဝင်အောင် ကျွန်တော့်ကို လုပ်ပေးပါ။ ကျွန်တော် တရားဥပဒေ စိုးမိုးရေးကို လေးစားပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း လိုက်နာပါတယ်။ ဥပဒေအရ မဟုတ်တဲ့ ဥပဒေမဲ့ ခြိမ်းခြောက်တာမျိုးဆိုရင် ကျွန်တော် လက်မခံနိုင်ဘူး။

အဲ့ဒီလောက်တော့ ကျွန်တော်တို့ ပြည်သူတစ်ဦးချင်းက နေပြီးတော့ အဲ့ဒီလောက် လုပ်ရဲတယ်ဆိုရင် ဒါဟာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို ကျွန်တော်တို့က ရန်လိုနေတာလည်း မဟုတ် သူတို့နဲ့ ကျွန်တော်တို့ ထိပ်တိုက် ရင်ဆိုင်နေတာလည်း မဟုတ်၊ ကျွန်တော်တို့ ကိုယ်တိုင်က ဥပဒေစိုးမိုးရေးကို စောင့်ရှောက်နေတာ ဖြည့်ဆည်း ပံ့ပိုးပေးနေတယ် ဆိုတဲ့အသိနဲ့ ဒီလောက် ပြည်သူတို့ဖက်ကနေ တုန့်ပြန်ရဲတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအပြောင်းအလဲ ဖြစ်ဖို့အတွက် ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် အင်မတန် နီးကပ်လာပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် လေးလေးနက်နက်နဲ့ အကြံပေးချင်တာက ဘုမသိ၊ ဘမသိ ကြောက်မပစ်လိုက်ပါနဲ့။ မကြောက်ခင်မှာ ခဏလေး ရပ်လိုက်ပါ၊ စောင့်လိုက်ပါ။ ပြီးတော့ ကိုယ်မေးသင့်တာ ပြန်မေးပါ။

ခုနကလိုပေါ့။ ယဉ်ယဉ်ကျေးကျေးနဲ့ အဲ့ဒီလောက်တော့ ပြန်ပြောပေါ့၊ တချို့ကြတော့လည်း လက်လွတ်စပယ် လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးတဲ့ ပြဿနာမျိုးတွေ ရှိခဲ့လို့ရှိရင် သူ့ဖာသာသူ ပြန်ထိန်းသိမ်းသွားပါလိမ့်မယ်။ ပြန်ဆုတ်သွားပါလိမ့်မယ်။ တကယ့်တကယ် နှုတ်ပိတ်တဲ့ အနေနဲ့ လက်လွတ်စပယ် ခြိမ်းခြောက်တာမျိုးဟာ စာနဲ့ပေနဲ့ ရေးပြီးတော့ ခင်ဗျားတာဝန်ယူပြီး ခြိမ်းခြောက်တယ် ဆိုတာကို ခင်ဗျားတာဝန်ယူပြီး လက်မှက်ထိုးပါဆိုရင် ဘယ်သူမှ မထိုးရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် အပေါ်က ဘယ်သူကမှ အကာအကွယ် မပေးဘူး၊ ရုပ်ပျက်ဆင်းပျက် တရားလက်လွန် ဖြစ်ပြီဆိုရင် သူတိုခံရမှာ၊ အဲ့ဒီတော့ သူတို့ကိုယ်၌ကလည်း ကြောက်ကြောက်နဲ့ ခင်ဗျားတို့ကို လာပြောနေတာ။ အကြောက်လွန်ပြီးတော့ ခင်ဗျားတို့ကို လက်လွတ်စပယ် ခြိမ်းခြောက်နေတာပါ ဆိုတာကိုတော့ ခင်ဗျားတို့ သိထားဖို့လိုတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီလိုတုန့်ပြန်တာဟာ ပုဂ္ဂိုလ်ရေး အာဃာတ မပါဘူး။ ဘယ်သူရယ် ဘယ်ဝါရယ် ဆိုပြီးတော့ ကျွန်တော်တို့ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခွင့်အရေး လုပ်သင့်လုပ်ထိုက်တာကို တုန့်ပြန်တဲ့သဘော ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တဲ့သဘော၊ ကျင့်သုံးတဲ့ သဘောသာ ဖြစ်တယ်။ အဲ့ဒီလောက်တော့ လုပ်ဖို့လိုတယ်။

အဲ နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ နယ်ပယ်အသီးသီး၊ ဒေသအသီးသီး၊ ဥပဒေမဲ့ ပြုကျင့်တာတွေ၊ ပြုကျင့်ခံနေရတာတွေ၊ အဂတိလိုက်စား နေတာတွေ၊ အာဏာအလွဲသုံးစား လုပ်နေတာတွေ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ခံစားရတဲ့ သူတွေအနေနဲ့ မိမိ ဒီလိုပြုကျင့်ခံရတယ် ဆိုတာကို သက်ဆိုင်ရာ တရားရုံးတွေမှာ ဦးတိုက်ပြီးတော့ လျှောက်ပါ။ အဲဒါဟာ ကျွန်တော်တို့ ဆူပူလှုံ့ဆော်ဖို့ အုံကြွဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ဥပဒေဘောင်အတွင်းကနေ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းကာကွယ်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဥပဒေဘောင်အတွင်းက ရင်ဆိုင်ရဲတဲ့ ရင်ဆိုင်တတ်တဲ့ အလေ့အကျင့်တွေကိုလည်း ပျိုးထောင်ဖို့လိုပါတယ်။

ဒီနေရာမှာ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးပါတယ်။ သူတို့အတွက် တရားဥပဒေ ဘက်တော်သားတွေပါ။ တရားဥပဒေကို စောင့်ရှောက်ရမယ့် ကာကွယ်ရမယ့် တာဝန်ဟာ သူတို့ရဲ့ အဓိက တာဝန်ပါ။ ဒါ့ကြောင့်မို့လို့ တချို့ရှေ့နေတွေက မတတ်နိုင်ဘူး၊ မတရားတာကြီးကို ပေးကမ်းနေရတဲ့ အဖြစ်ပျက်မျိုးတွေဟာ ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေစိုးမိုးရေး ရှုဒေါင့်ကနေပြီး ကူညီပေးကြဖို့ ဥပဒေပညာရှင်တွေ၊ ရှေ့နေအသီးသီးတွေကိုလည်းပဲ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ပါတီစုံဒီမိုကရေစီ ရှင်သန်ဖို့၊ ဖွံ့ဖြိးဖို့ဆိုတာက တရားဥပဒေ စိုးမိုးရေးဟာ အဓိအကျဆုံးပါပဲ။ အဲ့ဒီတော့ ဒီတရားဥပဒေ စိုးမိုးရေးကို အုတ်မြစ်ချဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ တရားဥပဒေ ဘက်တော်သားတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ အခန်းကဏ္ဍ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီတော့ ပြည်သူတွေ အနေနဲ့ကလည်းပဲ မိမိကို အဓမ္မပြုကျင့်တယ်၊ ဥပဒေမဲ့ ပြုကျင့်ခံရတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရားခွင်နယ်မှာ ဦးတိုက်ပြီးတော့ လျှောက်ထားရဲတဲ့၊ တင်ပြရဲတဲ့ သတ္တိမျိုးကို မွေးမြူကြဖို့ လိုပါတယ်။

အဲ့ဒီနေရာမှာတော့ ပြောစရာ ရှိတာပေါ့နော်။ တရားစွဲလည်း မထူးပါဘူး သူတို့က သူတို့ဘာသာ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်နေတာပဲ၊ ဒါက ကျွန်တော်တို့ အရပ်စကား ပြောတာပေါ့နော်။ တကယ့်တကယ်မှာကျတော့ ကျွန်တော်တို့မှာ (၈၈)နဲ့ မတူတဲ့ အချက်ကတော့ သတင်းမီဒီယာတွေ ပွင့်လင်းတာတာ။ အဲဒီတော့ ဥပဒေမဲ့ ပြုကျင့်ခံရတယ်၊ အဲဒါကို ရုံးတက် တရားစွဲတဲ့အခါ တရားရုံးက မတရား စီရင်ချက်ချတယ် ဆိုရင်လည်း တိုးတိုးတိတ်တိတ်နဲ့တော့ ပြီးမသွားပါဘူး။ ကျွန်တော်တို့ ဒီခေတ်မှာ သတင်းပြန်ကြားရေးစနစ်ဟာ အင်မတန်မှ လျင်မြန်ပါတယ်။ အဲ့ဒီတော့ ဒီတရားရေးအဖွဲ့က နေပြီးတော့မှ မလျော်သြဇာ သုံးမယ် မတရား စီရင်ချက်ချမယ်၊ မမှန်မကန် ဆုံးဖြတ်တယ် ဆိုရင်လည်းပဲ ဒါဟာ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးအခြေအနေ ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်နေတဲ့ ဖော်ထုတ်နေတဲ့ အခြေအနေတစ်ရပ်တော့ ဖြစ်သွားမှာပါ။

အဲဒါဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဦးတည်ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်နေတာ၊ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ လုပ်နေတာလည်း မပါပါဘူး။ ကျွန်တော်တို့ သွားနေတာက တရားမှုနဲ့ မတရားမှုနဲ့ကြားမှာ တရားတဲ့ဖက်၊ အမှန်တရားဖက်ကနေ ရပ်ခံသွားဖို့ ရပ်တည်သွားဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ အဲ့တာကလည်း နိုင်ငံရဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးဘောင်ထဲက ကြိုးပမ်းတာ ဖြစ်တဲ့အတွက်ကြောင့်၊ အဲ့ဒီအတွက် လက်လွတ်စပယ် အရေးယူလို့ အပြစ်ပေးလို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ဥပဒေကြောင်းအရ ရင်ဆိုင်လို့ရတဲ့ ကိစ္စတွေကိုလည်း ရဲရဲတင်းတင်း ရင်ဆိုင်စေချင်ပါတယ်။ အဲ့ဒီလို အမှုအခင်းတွေ ရုံးထုတ်တဲ့ အမှုချိန်းစွဲဆိုတဲ့နေ့တွေ ဆိုလည်းပဲ အခြားစိတ်ဝင်စားတဲ့ ပြည်သူတွေ၊ ဘ၀တူပြည်သူတွေ အနေနဲ့ တရားခွင်မှာ သွားရောက် နားထောင်ခြင်းအားဖြင့် တရားခွင် ဗဟုသုတတွေ ရရှိစေသလို ကိုယ်တိုင်ကြုံတွေ့တဲ့အခါမှာလည်း ဘယ်လိုမျိုး တရားခွင်ကို ချဉ်းကပ်ရသလဲ။ တရားခွင်မှာ ဘယ်လိုလျှောက်လဲရသလဲဆိုတာ အလေ့အကျင့် ဗဟုသုတတွေကို ဆင့်ပွားရရှိစေမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ တရားမျတတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့အတွက် ပြည်သူတစ်ဦးချင်းက လုပ်နိုင်တဲ့ အပိုင်းတွေကို ကမူးရှူးတိုးနဲ့ သွေးပူပြီး လုပ်ဆောင်တဲ့အပိုင်း မဟုတ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ဆောင်ရွက်နိုင်တဲ့ အခွှင့်အလမ်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီလို အခွင့်အလမ်းတွေကို အသုံးချပြီးတော့ ပြည်သူတစ်ဦးချင်း အနေနဲ့ပါ နိုင်ငံရဲ့တရားဥပဒေ စိုးမိုးရေးနဲ့ အမှန်တရား ပေါ်ထွန်းရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့အတွက် ကျွန်တော် တိုက်တွန်းချင်ပါတယ်။ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ကလည်းပဲ ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခတွေကို ကျွန်တော်တို့က ကိုယ်စားပြုပြီးတော့ ဖော်ထုတ်နေရမှာ ဖြစ်သလို နိုင်ငံရေး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကျွန်တော်တို့က ရှာဖွေဖော်ထုတ်နေရမှာ၊ ချဉ်းကပ်နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ လုပ်ရမယ့်အပိုင်း၊ လုပ်နိုင်တဲ့အပိုင်းကို ပြည်သူတွေဖက်က တာဝန်ကျေဖို့ လိုသလို နိုင်ငံရေးသမားတွေ နိုင်ငံရေး ဦးဆောင်နေတဲ့ သူအနေကလည်း ကျွန်တော်တို့က မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေ နည်းလမ်းရှားဖွေမှုတွေ ပြည်သူတွေနဲ့ ထိစပ်ပြီးတော့ ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့ အခက်အခဲတွေ ထင်ဟပ်ဖော်ထုတ်နိုင်ရန် အတွက်လည်း ကျွန်တော်တို့က ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုသာ တက်ညီလက်ညီနဲ့၊ ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် လက်ရှိ တပ်မတော် အကြီးအကဲ အနေနဲ့ကလည်းပဲ ဒါဟာ လွယ်လွယ်ကူကူ လက်ညှိုးထိုးပြီးတော့ အဖျက်အမှောက် ဆူပူမှုတွေလို့ စွပ်စွဲလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ဒီလူဒီလူတွေဟာ စနစ်တကျနဲ့ တရားဥပဒေဘောင် အတွင်းကနေ ကြိုးပမ်းနေတယ်။ ချဉ်းကပ်နေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တကယ် လိုလိုလားလားနဲ့ ဆောင်ရွက်နေတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲ့ဒီလို ဘက်အသီးသီးမှ နေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားကြမယ်ဆိုရင် ဆုံမှတ်တစ်ခုမှာ အားလုံး လိုလားတောင့်တနေတဲ့ ဖြစ်စေချင်နေတဲ့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မလွဲမသွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။

(ဘာမားတူးဒေး ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

အပြည့်အစုံသို့ >>>

Tuesday, July 15, 2008

အိတ်ဖွင့်ပေးစာ

B






အပြည့်အစုံသို့ >>>

Monday, July 14, 2008

မဲဆောက်က ပို့ တဲ့စာ

B

လက်ရှိဦးဆောင်မှုပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပ အတိုက်အခံခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ (၈-ဇူလိုင်-၂၀၀၈)

ဒေါက်တာလွဏ်းဆွေ

မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ခေါင်းဆောင်များခင်ဗျား …

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်တစ်ဦးအနေနှင့် လည်းကောင်း၊ ဒီမိုကရေစီရေးတိုက်ပွဲဝင် မြန်မာပြည်သားတစ်ဦးအနေနှင့်လည်းကောင်း ဒီမိုကရေစီတိုက်ပွဲအား လူကြီးမင်းတို့ ဦးဆောင်ဦးရွက် ပြုပေးနေမှုများအပေါ် မထောက်မညှာ ဝေဖန်အကြံပြုစကား ပြောကြားလိုက်ရပါသည်။ တိုက်ပွဲအနေအထား ကျဉ်းထဲကျပ်ထဲတွင် ရောက်ရှိနေပြီး အဆုံးစွန်သော ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေါ်လာလို ပေါ်လာငြား ဤသို့မထောက်မညှာ အမုန်းခံ ပြောကြားရခြင်း ဖြစ်ပါသည်။

နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် လက်ရှိတိုင်းပြည်အခြေအနေသည် နူရာဝဲစွဲ လဲရာသူခိုးထောင်းအဆင့် မကတော့ဘဲ ယင်တလောင်းလောင်း လင်းတ(လဒ)တ၀ဲဝဲ အခြေအနေသို့ပင် ဆိုက်ရောက်နေသည်ကို လူကြီးမင်းတို့အသိ ဖြစ်ပါသည်။ ထိုသို့ အဆိုးဆုံး အခြေအနေကို ဆိုက်ရောက်ရခြင်းတွင် ဒီမိုကရေစီတိုက်ပွဲ မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရသည့် အကြောင်းတရားသည် အဓိက ဖြစ်ပါသည်။

ထိုသို့တိုက်ပွဲရှည်ကြာခြင်းသည် ပြည်သူလူထု ပါဝင်မှုအနေအထား အားနည်းသည့်အတွက်ကြောင့် လုံးဝမဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှ ယနေ့အထိ တာဝန်အကျေဆုံးနှင့် သတ္တိအရှိဆုံးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရွှေဝါရောင် တော်လှန်ရေးကို ကြည့်လျှင် ပြည်သူလူထု၏ တာဝန်ကျေခဲ့မှုအပိုင်းကို အထင်းသား မြင်နိုင်ပါသည်။

တိုက်ပွဲရှည်ကြာရခြင်းသည် အဓိကအကြောင်းတရား နှစ်ချက်ကြောင့် ဖြစ်ပါသည်။

(၁) စစ်တပ်အာဏာ တည်မြဲရေးအတွက် န၀တ/နအဖစစ်အုပ်စုမှ နည်းမျိုးစုံ ဖိနှိပ်လုပ်ဆောင်နေမှု

(၂) အတိုက်အခံခေါင်းဆောင်များ (အဓိက ပြည်သူလူထုထံမှ Mandate ရထားသည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များ) ၏ ဦးဆောင်ဦးရွက်ပြုမှုအပိုင်း ချွတ်ယွင်း အားနည်းမှု … စသည်တို့ကြောင့် ဖြစ်ပါသည်။

နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုနှင့် ပတ်သက်၍ ပြောရလျှင် စစ်ခေါင်းဆောင်များသည် အာဏာလက်လွှတ်ချင်သူများ မဟုတ်သည့်အတွက် သူတို့အား တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနှင့် စည်းရုံးဖျောင်းဖျ၍ ရမည့်အနေအထားမျိုး ယခင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိမည်မဟုတ်ပါ။ တစ်လျှောက်လုံး သူတို့၏ မျက်နှာပြောင်တိုက် ဖိနှိပ်ရက်စက်ခဲ့မှုများကို ကြည့်လျှင် သူတို့အား ကုတ်နှင့် ကလော်ထုတ်မှသာ ရာဇာပလ္လင်ပေါ်မှ ဆင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီ ထင်ပါသည်။ ဖိနှိပ်ရကောင်းလားဟု သူတို့အား သွားအပြစ်ဖို့နေခြင်းထက် မဖိနှိပ်အောင် မည်သို့တွန်းလှန်မည်လဲ ဆိုသည်ကိုသာ စဉ်းစားကြဖို့ရှိသည်ဟု မြင်ပါသည်။ ထိုသို့တွန်းလှန်ဖို့ မကြိုးစားခဲ့ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် အဖြေရှာဖို့ (မစွန့်ချင်တာနှင့် သူရဲဘောကြောင်တာလည်း ရာခိုင်နှုန်း အတော်များများပါမည်) ကြိုးစားနေခဲ့၍သာ တိုက်ပွဲ အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီး ပြည်သူလူထု အဆုံးအစွန်ထိ ဒုက္ခရောက်ခဲ့ကြရခြင်း ဖြစ်ပါသည်။

အနှစ်နှစ်ဆယ် တိုက်ပွဲကာလအတွင်း အတိုက်အခံအများစု (အဓိက ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ) အနေနှင့် သူတောင်းစားဝါဒ (Beggarism) နှင့် တိုက်ပွဲဝင်ခဲ့ကြခြင်းသည် အဓိက မဟာအမှားဟု သုံးသပ်မိပါသည်။ သူတောင်းစားဝါဒဆိုသည်မှာ ပြည်တွင်းပြည်ပ၌ အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်း အတော်များများ တစ်ချိန်လုံး Statement ထုတ်ပြီး တောင်းဆိုနေခြင်းနှင့် ပြည်ပတွင် အတိုက်အခံ အများစုမှာ ဒုက္ခသည်အရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး၊ ဗုတ်နိုး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နာဂစ်ဒုက္ခသည်များ ကူညီရေး … စသည့် အရေးကိစ္စမှန်သမျှအတွက် ပရိုပိုဇယ်တင်တောင်ပြီး လှုပ်ရှားဆောင်ရွက် နေရခြင်းများကို ဆိုလိုပါသည်။

ထိုသို့ သူတောင်းစားဝါဒနှင့် ချီတက်နေကြသည့်အတွက် ဘောလုံးစကားနှင့် ပြောရလျှင် ဂိုးသွင်းခွင့် ရခဲ့သည့် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ဘဲ ဘန်ကေး (ဘေးကန်) ခဲ့သည့် ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ကြုံခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တွေ့နိုင်ပါသည်။ တစ်ချပ်မှောက် ဖဲစကားနှင့် ပြောရလျှင်မူ နအဖ ဟောက်စားလုပ်သည်ကို အဲန်အယ်လ်ဒီ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံး ငြိမ်ခံလာသည့်အတွက် ယခုအချိန်အထိလည်း နအဖက ဟောက်စားလုပ်ပြီး ၂၀၁၀သို့ ချီတက်ရန် စိတ်ကူးယဉ်နေနိုင်ခြင်းဟု သုံးသပ်မိပါသည်။ နောက်ဆုံးတွင် တောင်းလွန်းမက တောင်းနေသည့် အဲန်အယ်လ်ဒီကို “အခုအထိ တောင်းတုန်းပဲလား”ဟု အပြစ်မြင်လာကြပြီး တခါမှ မပေးခဲ့သည့် နအဖကို အပြစ်မပြောတော့သည့် အနေအထားနှင့် ရယ်သွမ်းသွေးဖွယ် ကြုံလာရပါသည်။

အတိုက်အခံအများစု ထိုသို့တောင်းစားရသည့် အခြေအနေများ ဖြစ်ကုန်ကြရုံမက တော်တော်များများလည်း တတိယနိုင်ငံများတွင် သွားရောက်ကျွန်ခံရသည့် အနေအထားတွေ ဖြစ်ကုန်ကြပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဤအခြေအနေသည် ပကတိ ဆိုက်ရောက်နေသည့် အခြေအနေမှန်ပင် ဖြစ်ပါသည်။ ထိုပရိုပိုဇယ် guideline များ၊ resettlement programme များကြောင့် အင်အားစုများ ညီညွတ်မလာဘဲ ပို၍စိတ်ဝမ်းကွဲပြီး အပြိုပြို အလဲလဲ ဖြစ်ကုန်ပါသည်။ နအဖစစ်အုပ်စုကတော့ ထိုသို့ အင်အားများ ဖြိုခွဲပေးနေသည့် နိုင်ငံတကာမှ ကျေးဇူးရှင်များကို ဦးကုန်းချနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ တကယ်တော့ ပရိုပိုဇယ်ပေးသည့် သူများသည် ကျနော်တို့ မြန်မာပြည်သူပြည်သားများ ခံစားနေရသည့် ပကတိအခြေအနေနှင့် တိုက်ပွဲအနေအထားအကြောင်းကို ဂဃနဏ သိကြသူများ မဟုတ်ပါ။ သိချင်သူများလည်း မဟုတ်ပါ။ သိပြီး ပွဲပြီးအောင် ကူညီမည့်သူများလည်း မဟုတ်ကြပါ။ လုပ်စားကိုင်စား အဆင့်တွင်သာ အားပေးအားမြှောက် ပြုနေကြမည့်သူများ ဖြစ်ပါသည်။ သို့သော် ယူထားသည့် ပရိုပိုဇယ်မျက်နှာကြောင့် သူတို့က အကြမ်းမဖက်နှင့်ဆိုတိုင်း အကြမ်းမဖက်ကြဖို့ ကျွန်တော်တို့လူတွေ လိုက်အော်နေကြရသည်ကို ကြည့်ရသည်မှာ အတော့်ကို ကြေကွဲစရာ ကောင်းလှပါသည်။

ကျွန်တော်တို့၏ လက်ရှိတိုက်ပွဲအနေအထားကို ဖိနှိပ်ရက်စက်မှုမျိုးစုံ ခံနေရသည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသာ အသိဆုံး ဖြစ်ပါသည်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာရှင်အုပ်စုကို အကြမ်းမဖက်သည့် နည်းလမ်းတစ်ခုတည်းနှင့် တိုက်ပွဲဝင်ဖို့ မလုံလောက်တော့ကြောင်း ရွှေဝါရောင်တော်လှန်ရေးက ပြဋ္ဌာန်းပေးပြီး ဖြစ်သည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အင်အားစုများအနေနှင့် အချိန်မနှောင်းမီ လက်ရှိကျင့်သုံးနေသည့် သူတောင်းစားဝါဒကို စွန့်လွှတ်ပြီး နအဖစစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်မည့် နည်းလမ်းများ အမြန်ဆုံး ရှာကြံကျင့်သုံးကြဖို့နှင့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အလျင်အမြန် အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းကြဖို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သို့မဟုတ်ပါက အီးရောအီးရော၊ ယောင်တောင်ပေါင်တောင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ၂၀၁၀ သို့ ရောက်ရှိသွားပြီး တတိုင်းပြည်လုံး စစ်ကျွန်အဖြစ် နွံနစ်ဖို့သာရှိတော့မည့်အကြောင်း တပ်လှန့်သတိပေးလိုက်ရပါသည်။

တိုက်ပွဲသစ္စာဖြင့် …

ဒေါက်တာလွဏ်းဆွေ

(၁၉၉၀ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်တစ်ဦး)

အပြည့်အစုံသို့ >>>

Thursday, July 3, 2008

Letter from Sanfransisco

B

မိတ်ဆွေများခင်ဗျား

မောင်ရစ် ရိုသေစွာ စာရေးလိုက်ပါတယ်။ မိတ်ဆွေတို့ကို အကူအညီတောင်းပါတယ်။ ၈၈ နှစ် ၂၀ ကို အမှတ်တရ စာမျက်နှာတွေ လုပ်ချင်တယ်။ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေထက် လူတွေ၊ ဘ၀တွေကနေ ၈၈ အနှစ် ၂၀ ကို ပြောပြချင်တယ်။

၈၈ ဖြစ်ပြီး နှစ် ၂၀ ကြာပြီ။ ဘာလဲ ဘယ်လဲပေါ့ဗျာ။ ကျနော်တို့တွေ ၅ နှစ်ပိုင်းဆီ ပိုင်းခြားပြီး ကြည့်ချင်တယ်။ ဘာဖြစ်ခဲ့လဲ။ ဘာတွေနဲ့ ဆက်သွားသလဲပေါ့။ တိုတိုပါပဲ။ အများကြီး မပြောချင်ပါဘူး။ အဲဒီထဲက အဓိကအကြောင်းကို ပြောချင်တာပါ။

ဒေါ်စု - ၈၈ နှစ် ၂၀ ဆိုရင် - ဥပမာပေါ့

၁၉၈၈ - ၁၉၉၃ - ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး၊ အကျယ်ချုပ်ခံရ၊ နိုဘယ်ဆုရ

၁၉၉၃ - ၁၉၉၈ - စီးပွားရေး ပိတ်ဆို့မှုကို ကိုင်စွဲ၊ ခေတ္တ အကျယ်ချုပ်မှ လွတ်၊ ဆုတွေရ

၁၉၉၈ - ၂၀၀၃ - တွေ့ဆုံဆွေးနွေးရေးကို ကိုင်စွဲ၊ ဒီပဲယင်းတွင် လုပ်ကြံခံရ၊ အကျယ်ချုပ်၊ ဆုတွေရ

၂၀၀၃ - ၂၀၀၈ - သံဃာအရေးအခင်းအပြီး ခေတ္တ သဘောထားထုတ်ဖော်ခွင့်ရ၊ အစိုးရ အခြေခံဥပဒေကို ကန့်ကွက်ကြောင်း ပါတီက တဆင့်ထုတ်ဖော်။ ခင်ပွန်းဆုံးခဲ့တာတို့၊ တခြား ကိစ္စတွေလည်း ထည့်နိုင်ပါတယ်။

ဦးတင်ဦး နဲ့ ဦးဝင်းတင် ဆိုရင်လည်း အဲသည်လိုမျိုး အတိုလေးတွေ၊ အမှတ်တရတွေကို ထုတ်ဖော်ရေးချင်ပါတယ်။

ပြီးရင်တော့ ၈၈ မျိုးဆက် ကျောင်းသားများကို အဲသလို ပြောပြချင်ပါတယ်။ သတင်းတွေနဲ့ တိုက်ဆိုင်ပြီး ရေးရမှာပေါ့ဗျာ။ တယောက်တည်းလည်း မရေးချင်ပါဘူး။ ခင်ဗျားတို့နဲ့ တိုင်ပင်ပြီး ညှိနှိုင်းပြီး ရေးချင်ပါတယ်။ ဖြည့်စွက်ချင်ပါတယ်။

မင်းကိုနိုင်ဆိုရင် သူရေးတဲ့ ကဗျာတွေ သီချင်းတွေ ရှိမယ်။ အဲဒါမျိုး။ ကိုကိုကြီးအကြောင်းဆိုရင်တော့ ခင်ဗျားတို့ ၀ိုင်းဖြည့်ပါ။ ကျနော်နဲ့က ၁၉၉၃ အထိပဲ တွေ့ခဲ့ရတာ။ နောက်ပိုင်းက ကျနော့်အိမ်ကို ပြန်မေးခိုင်းရမလို ဖြစ်နေတယ်။ မင်းဇေယျာ။ သူတို့ အနှစ် ၂၀ ကို ပြောပြချင်ပါတယ်။ သတင်းစာတွေကနေကော အချင်းချင်း အမှတ်ရမိတာတွေကောကနေပေါ့။

ဘကျော်ကြီးက ဆုံးပြီလို့ဆိုတယ်။ ငွေထွန်းက ဥရောပမှာလို့ ပြောတယ်။ အောင်ထွန်းတို့၊ ညိုထွန်းတို့ကောပေါ့။ ၀ိုင်းရေးကြည့်ချင်ပါတယ်။ သက်ရှိကော ဆုံးခဲ့တဲ့ ရာဇ၀င်ကော။ ကိုသက်ထွန်းအောင်၊ ပြီးတော့ သီဟတို့ နေလင်းတို့ အကသတွေ။ ဦးကြည်မောင်ကြီးကို အနှစ် ၂၀ ထဲမှာ ထည့်ထားချင်တယ်။ ဦးသော်ကလိုမျိုးတွေ၊ အနှစ် ၂၀ မှာ ၅ နှစ်နဲ့ ပြတ်သွားတဲ့လူတွေ၊ ၁၀ နှစ်နဲ့ ကျဆုံးခဲ့ကြသူတွေ။

၈၈ အနှစ် ၂၀ - လူတွေ တယောက်ပြီး တယောက် အကြောင်း။ အမှတ်တရ ကဗျာတွေ စာတွေ အဖြစ်တွေ တခုပြီး တခု ပေါ်လာတာတွေ။

၈၈ အနှစ် ၂၀ မှာ မိုးသီးဇွန်အကြောင်း၊ အောင်နိုင်အကြောင်း၊ နိုင်အောင်အကြောင်း သတင်းစာတွေ၊ အီးမေးတွေက တဆင့် မှတ်မိသလောက် ပြန်ရေးလို့လဲ ရပါတယ်နော်။ ကိုယ်တိုင်လည်း မေးမယ်လေ။ ဘယ်လိုလဲဗျာ။

အကြီးအကျယ်ကြီး လုပ်ပြတာမျိုး မဖြစ်ချင်ပါဘူး။ ကျနော်တို့ ရောက်နေတဲ့၊ ရှိနေတဲ့ နေရာက၊ အနေအထားကနေ ၈၈ အရေးတော်ပုံက ဖြတ်သန်းလာတဲ့လူတွေကို မျက်စိရှေ့မှာ တွေ့ရ မြင်ရသလောက်ကို အလေးဂရုပြုချင်တာပါ။ ကျနော်တို့တွေမှ ပြန်မကြည့်ကြရင် ကျနော်တို့တွေ ပြန်ဆုံတွေ့ကြဖို့ မလွယ်တော့ဘူးလေ။ ကိုယ်ထင်ရာ ကိုယ်လမ်းလျောက်နေကြတာ အနှစ် ၂၀ ဆိုတော့ ခုချိန်မှာ တယောက်နဲ့ တယောက် မြင်နိုင်တွေ့နိုင် ပြောနိုင်သေးတယ် ထင်ပါတယ်။

မောင်ရစ်ကတော့ ဘာကောင်မှ မဟုတ်ပါ။

မောင်ရစ်

အပြည့်အစုံသို့ >>>

Wednesday, July 2, 2008

ဒေါ်အောင်ဆန်းစုကြည် ဒီပရင်္ဂအကြောင်း

B

အပြည့်အစုံသို့ >>>

/* EOT ----------------------------------------- */