ရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်
ငြိမ်းချမ်းမှုကို ထွေးပိုက်
သစ္စာတရားကို ဦးထိပ်ထားတဲ့ကြယ်ဖြူတွေ ၀န်းရံ
လယ်သမားနဲ့စက်ရုံအလုပ်သမားတွေက ခြံရံ
ချီတက်လာတဲ့ဟန်နဲ့ ဒို့နိုင်ငံရဲ့ အလံ ....။
ရာဇ၀င်နဲ့ချီပြီး အဓိပ္ပါယ်သက်ရောက်တဲ့
နိုင်ငံတော်တစ်ခုရဲ့အလံ…
ဇကောတစ်ချပ်လောက် ဇောက်မနက်
လူယုတ်မာတို့ ရဲ့ အကြံပက်စက် မှု
ကြယ်ဆယ့်လေးပွင့်ရဲ့ဈာပန..
ကြွေကျနေတဲ့စပါးသီးတွေ..
သံချေး တက်ခံလိုက်ရတဲ့ စက်သွား..
ငါ့နားထဲမှာ ရင်ထဲကအသံ
ပဲ့တင်ထပ်ကာ ပျံ့လွင့်နေပါရဲ့…။
အဖြူရောင်၏အဓိပ္ပါယ်…မှာ….
အပြာရောင်၏အဓိပ္ပါယ်မှာ…
စပါးနှံနှင့်စက်သွား…
အရွယ်တူ ကြယ်ဖြူဆယ့်လေးလုံးက…၀န်းရံ…လျက်ရှိ…
ထိုအရွယ်တူကြယ်ဖြူဆယ့်လေးလုံးမှာ
…တိုင်း၇ခု..ပြည်နယ်၇ ခုတို့ ကိုယ်စားပြု..
တိုးတိုးလေး ရေရွတ်ရာက ပါးထက်က ကြလာတဲ့ မျက်ရည်
ဆုပ်ထားတဲ့ လက်သီးပေါ်ကိုကျဆင်း
ဒေါသပြင်းလို့ မာန်တင်းထားပေမယ့်
သိလိုက်ရတဲ့ အတွေးတခု ....
ငါတို့ရဲ့ အဘိုးအဘွားတွေ သမိုင်း..ရာဇ၀င်အရိုင်းခံလိုက်ရပြီ.
ငါတို့လူငယ်တွေရဲ့အနာဂတ်..
ဖျာလိပ်လို အလံနဲ့အပတ်ခံလိုက်ရပြီ…
မိဘ နှစ်ပါး ရဲ့ နေရာမှာ ပြက္ခဒိန် ကားချပ်ကို အစားထိုး
ဧည့်ခန်းလို နေရာမျိုးမှာ တင့်တယ်ပါ့မလား .....။
ကြယ်တွေရဲ့သစ္စာ ခိုင်မာမှုက လေးနက်လှတယ် ၊
ကြွေကျချိန်ထိ လူတွေကို အလင်းပြသွားတယ် ။
သူတို့မှာ ရှိတဲ့ ဒြပ်ထုနဲ့ အင်အားကို အသုံးချပြီး
ကမ္ဘာမြေကိုနင်းခြေမသွားဘူး ။
ဘယ်သူ့ကိုမှ မနှိပ်စက်ပြသွားဘူး ။
နောက်ဆုံးအချိန်မှာ တောင် လောင်စာကို သယ်ဆောင်ပြီ
အင်မတန်ပြင်းတဲ့ လေထုကို ထွင်းဖောက်
ကမ္ဘာမြေပေါ်ကို အမှုန်လောက်ဘဲ ကျရောက်စေခဲ့တဲ့ သူတို့ရဲသစ္စာတရား
ငါတို့ရင်ဝယ်သားလို သိမ်းထားသင့်တယ် ။ ။
ငါတို့ချစ်တဲ့ကြယ်တွေ…အကြွေခံလိုက်ရပြီ….
အရိုင်းတစ်ကာ့အရိုင်းဆုံးထဲက…လူမှုရေးသမိုင်း.
.အရိုင်းခံလိုက်ရပြီ..
သမိုင်းစာအုပ်ကို ဆွဲကာဆုတ်လိုက်သလိုဘဲ
ငါ့တို့ ရင်နင့်နေအောင် ခံစားလိုက်ရတယ် ။
လက်မခံသင့်တဲ့အပြောင်းအလဲထဲမှာ..
ငါတို့က အရုပ်တွေမဟုတ်ဘူး..
ငါတို့က ကြိုးတွေမဟုတ်ဘူး..
ငါတို့က ခြံထဲကနွားတွေမဟုတ်ဘူး..
ငါ..တို့…က..
ပေါက်ကွဲချိန်အလွန်ခံလိုက်ရတဲ့..ဒိုင်းနမိုက်တွေဖြစ်တယ်...
ပွင့်ချိန်အလွန်ခံခဲ့ရတဲ..သစ်သီးတွေဖြစ်တယ်..
ငါတို့စိတ်မှာလွှမ်းနေတဲ့ နိုင်ငံအလံကိုဆွဲခွာပြီး
သူတို့တွေ ပြည်သူတစ်ရပ်လုံးကို မုဒိန်းကျင့်လိုက်ပြီ.
...ငါတို့..သူတို့ပေးတဲ့ရင်သွေးကိုလွယ်ပြီးမွေးမလား..
မရင့်မာခင် ဖျက်ချပစ်မလား…
ရက်လွန်နေတဲ့သိက္ခာတွေအတွက်.
ငါတို့ပြန်ဆယ် ကြမှ ဖြစ်တော့မယ်.............
အမှန်တရားကို ရှေးရှု သိက္ခာဆယ်မဲ့ ဒီအမှု အတွက်
ဒို့မျိုးဆက်ရဲ့ အနာဂတ်မှာ ဒီလို ဆိုးကျိုးတွေ ရပ်တန့်သွားအောင်
ကြယ်တွေကို ဥပမာထား စတေးခံလိုက်ရင် ကောင်းမလား ၊ ၀ိုးတ၀ါးနဲ့ ဆက်လျှေက်
လမ်းပျောက်နေတဲ့ ဒီခရီး ကောင်းကင်ကကြယ်တွေကို မော့ကြည့်နေတုန်း
သူ့တိုတွေကအလင်းပြ ငါတို့ကို အားပေးနေရှာ တုန်းပါလား
တွေးရင်း တွေးရင်း အားအင်ပွားတယ် ရုန်းထကြစို့လား သူငယ်ချင်း ။။
ခင်မင်လးစားလျှက်
စာခြောက်ရုပ်နှင့် ဗမာ့သွေး ပေါင်းစပ်ကာ တင်ပြပေးလိုက်ပါသည် ။
Tuesday, October 26, 2010
ငါတို့ နိုင်ငံအလံ
BFriday, September 24, 2010
တိုက်ပွဲသာ ၀င်လိုက်ကြပါစို့
B ၈၈၈၈ ကို အကြောင်းပြုလို့
ညီညာစွာ ပေါင်းစုလို့ပြခဲ့ပြီးပြီ
လူပင်လယ် နဲ့ သွေးကွက် အိုင်
သေနတ်ကိုင်ထား တဲ့ စစ်တပ်
အသိညဏ်ဗလာ ဖြူခါကျအောင်
မွဲနေတဲ့ စိတ်ဓါတ်တွေနဲ့ ရိုင်းပြစွာဆက်ဆံခဲ့တာ
တွေးချင်စရာ မရှိပါဘူး .....။
ကျောင်းသားတွေ သွေးမြေကျခဲ့တယ် ၊
လူတွေကို သတ်ပြခဲ့တယ် ၊
သံဃာတွေကို ဦးခေါင်းကို ရိုက်ခွဲခဲ့တယ် ။
ဒါတွေကို အတိတ်မှာ ထားခဲ့ပြီး
သူတို့တတွေ
ကြိုးဆွဲရာ ကကြမှာလား............. ။
ပါတီကို အကြောင်းပြု လူတစ်စုကလည်း
ကြွေးကြော်နေကြပြန်တယ်
ဒီလမ်းအမှန် ဒီမိုကရေစီကို ချဉ်းကပ်ပြန်သတဲ့ ။
ညဏ်မပါ ပလီပလာ အတတ်တွေနဲ့
ရီစရာ အတော်ပြောတတ်တယ်
ငါလည်းလေ လောကီသားပေမို့
ပွင့်လင်းစွာ ရှင်းရတော့
မြွေဆိုတာ အရေခွံလည်းပေမယ့်
သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ သာပ
ဖွေရှာကာ တွေးကြပါတော့ ----။
ငါတို့ အမျိုးတွေ သူခိုးတွေ ချည်းပါဘဲလို့
ကြွေးကြော်လို့ မာန်ဝင့် ချင်စရာ
ယူနီဖောင်းနဲ့ သူတောင်းစားတွေ
တောင်းစားနေကြ နေရာတကာ
သဒ္ဒါသလောက် ပေးခဲ့ကြပါတဲ့
သြော် မြန်မာပြည်ရယ် ဂုဏ်ယူစရာ
ကောင်းလိုက်ပုံက နေရာတကာ
သူတောင်းစားတွေ ချည်းပါဘဲ ...........။
သူရဲကောင်း တံဆိပ်တွေ ရင်မှာ ချိတ်ပြီး
သေနတ်တွေ ခါးမှာ ထိုးထားပေမယ့်
ကြောက်စိတ်တွေ ကတော့ သြချလောက်ပါပေတယ် ။
မိန်းမတစ်ယောက်ကို ရန်ရှာကာ ချုပ်ချင်တော့
အတင်းတွေ လည်ကာ တုတ်တာဖြင့်
မကြားဝံ့မနာသာ
အရှက်တရား ရယ် ကုန်ခမ်းနေပုံက
နှိုင်းစရာတောင် အတော်ရှားတာပ
စိတ်ပျက်ဖွယ်ရာ ............။
သာသနာတော် လှည့်ကာတွေးရင်လည်း
သုံးနှစ်သာ ကြာသေးတာပ
ပခုက္ကူမှာ အခြေပြုလို့ လူ့မိစ္ဆာ လူတစ်စု
အမျိုးဖျက်မည့် အကြံနှင့် ထိုးနှက်မည်ကြံလာ ကြသည် ။
ထိုအခါဝယ် ပြည်သူအပေါင်းတို့
ကြပ်တည်းလို့ ကျဉ်းမြောင်းလာ
ဝမ်းစာအရေး ပင် ခက်နေသေးတာရယ်ကြောင့်
ဒကာတွေ ပြေလည်စေ ကြောင်းသာပ
သံဃာတွေ ခြေညောင်းခံကာ
လှည့်လည်လို့ မေတ္တာပွားတယ်
မြန်မာပြည် သာသနာ လွှမ်းလိုက်ပုံက မေတ္တာသုတ်ရွတ်တာ
ရှင်ရဟန်း မဟုတ်ပါဘူးတဲ့ ဖမ်းချုပ်ကြတာ ........။
သြော်... တကယ်ပါလေ ဆက်ကာ မရေးချင်ဘူး
ဤမြေမှာလေ တက်ကာ ကြွေးကြော်လိုက်ချင်တာက
တမျိုးသားလုံး အတွက်
ပေးဆပ်စရာ တကယ်များတာဘဲ
တွဲလက်ကယ် ညီညာစွာဖြင့်
တူပျော်စွာ ချီတက်ကြမယ်
ရရာ လက်နက်ကိုင်ကာ စွဲလို့
တိုက်ပွဲသာ ၀င်လိုက်ကြပါစို့............။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
Thursday, March 18, 2010
မေးခွန်းများ 2
Bသင်နဲ့ အချိန်ပြိုင်နေသလား
အချိန်က သင့်ကိုနိုင်နေသလား
သင်က အချိန်ကိုနိုင်နေသလား။
သင်နဲ့ ဘ၀ ပြိုင်နေသလား
ဘ၀က သင့်ကိုနိုင်နေသလား
သင်ကဘ၀ကို နိုင်နေသလား။
သင်နဲ့ မည်သူပြိုင်နေသလဲ
မည်သူက သင့်ကိုနိုင်နေလဲ
သင်ကရော မည်သူ့ကိုနိုင်နေလဲ။
အရာအားလုံးကို သင်အနိုင်ရချင်ရင်
သင်ဘာတွေလုပ်မလဲ၊
အရာအားလုံးကို သင်အရူံးပေးရရင်
သင်ဘယ်လိုနေမလဲ။
(ဆက်ရန်)
မျိုးချစ်လူငယ်
မေးခွန်းများ ၁
သင်ဟာ
သင့်အတွက် ဘာတွေလုပ်ပြီးပြီလဲ၊
သင့်ကိုယ်သင် ပြန်မေးကြည့်ပါ၊
သင်ဟာ
အခုရောဘာတွေ လုပ်နေသလဲ၊
နောင်ရောဘာတွေ လုပ်ဦးမလဲ၊
သင်ဟာ
လူစဖြစ်ပြီး လူရယ်လို့ သိတတ်စ အရွယ်ကတည်းက
လူတွေအတွက် အကျိုးပြုလုပ်းငန်းတွေ
ဘာတွေလုပ်ဖူးသလဲ၊
ဘာတွေကိုရောလုပ် ပြီးပြီလဲ၊
သင့်အတွက်
အချိန်ဆိုတာ တန်ဖိုးရှိပါသလား၊
သင်ဟာ
အချိန်တွေကိုဘယ်လို အသုံးချပါသလဲ၊
သင်ရဲ့
အနာဂတ်အတွက် ဘာတွေရည်ရွယ်ထားသလဲ၊
သင်ဟာ
သင့်ကိုယ်သင် Self Important Person လို့ ယူဆထားပါသလား
(ဒါမှမဟုတ်)
သင့်ကိုယ်သင် Very Important Person လို့ ယူဆထားပါသလား ၊
သင်ဟာ
သင့်ကိုယ်သင် ယုံကြည်မှုရှိပါသလား၊
သင့်ကြောင့်
လူတွေ ဘယ်လောက်များ ဒုက္ခရောက်ခဲ့သလဲ၊
သင်ဟာ
လူတွေကို ချစ်ခင်ပါသလား၊
လူတွေကရော သင့်ကို ချစ်ခင်ကြပါသလား၊ ။
(ဆက်ရန်)
Monday, December 28, 2009
ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ
( မသဒ္ဓါ )
( ၈။ ၂၆။ ၂၀၀၉)
ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။
ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။
တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။
ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။
အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။
ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။
ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။
နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။
ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။
ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။
အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။
ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။
အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။
ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။
ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။
ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။
အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။
ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။
ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။
ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။
မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)
လူဆိုတာ တနေ့ နေ့ တော့ သေလွန်မှာပါ။ အပြစ်မရှိ မှန်ကန် ရိုးဖြောင့်သူ ရဲဝံ့စွာသေရဲတဲ့သူက သေခြင်းကို မကြောက်မရွံ့  ပြေးတွေ့ ဝံ့ပါ တယ်။
တကယ်လို့ များ တနေ့ နေ့ ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ..သူရဲ့ ရင်ထဲမှာ..ဘာဆန္ဒတွေ ရှိပါ့မလဲ..စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ။
တရားမျှမျှတတ နဲ့  တယောက် သေတယ်ရေးရင်..နောက်တယောက်ကိုလည်း အလားတူ..ရေးသင့်တာမို့  ဦးသန်းရွှေ ရဲ့ သေတမ်းစာ ကိုလည်း ဆက်ပုံဖော်ပေးပါ့မယ်။ စောင့်ဖတ်ပါ။
( မသဒ္ဓါ ဘလော့ဘ်မှ )
Friday, July 17, 2009
ဘ၀တိုင်း ဆုတောင်း
B
အမြဲတစေ
အိမ်မက်လိုရယ်
အမြဲတစေ
ငါ့နားထဲဝယ်
အမြဲတစေ
ငါ့မျက်စိထဲ
အမြဲတစေ
ငါစဉ်းစားတယ်
အမြဲတစေ
မြန်မာပြည်မြေ
ငြိမ်းချမ်းသာယာ
လွတ်လပ်ပါစေ။ ။
စစ်နိုင်မင်း
Monday, June 29, 2009
ဦးတည်ချက်
B
ဦးတည်ချက်
ပြင်းပတဲ့စိတ်တွေရယ်
ဝေးလည်း ဒီစိတ်
နီးလည်း ဒီစိတ်
မြန်မာပြည်ဟာ
ငါ့အရေး
အချိန်ပေးပြီး
ငါအမြဲစဉ်းစား။
မြန်မာပြည်ဟာ
ဒို့ အရေး
တွေးတွေးပြီး
ဒို့ ဘာလုပ်မလဲ။ ။
(စစ်နိုင်မင်း)
Wednesday, November 26, 2008
မိုးနဲ့ နှင်းနဲ့ အပြိုင်
B
မိုးနဲ့ နှင်းနဲ့ အပြိုင်
ဒီမှာတော့
မိုးတွေရွာပြီ
နှင်းတွေလည်းကျသည်
အချိန်လည်းရောက်ပြီ
တော်လှန်ရေးကို စရတော့မည်။
မိုးရွာလို့ မိုးစိုမှာစိုး
နှင်းကျလို့ သွေးအေးမှာမို့ 
သွေးမအေးခင် စကြပါစို့ ။ ။
စစ်နိုင်မင်း
Wednesday, September 3, 2008
Poem from Generation Wave
B
ရာစုသစ်ရဲ့ သူရဲကောင်းတွေ
သွေးကြောင်ပြီး ဘေးမရှောင်ဘူး
ခွေးဟောင်လို့လည်း ထွက်ပြေးမယ်မထင်နဲ့
ဆက်ရေးတယ် … ငါတို့သမိုင်းကို … ဆက်ရေးမယ်
အကွေးမခံဘူး အဆွေးမခံဘူး…
အာဏာရှင်ရဲ့ နားရွက် တံတွေးတက်ဆွတ်ဖို့မတွန့်ခဲ့ဘူး ဒီလိုငါတို့ရူးသွပ်ပစ်ခဲ့
ငါတို့နေတဲ့ ငါတို့မြေအတွက်
ရူးသွပ်ခဲ့ ရူးသွပ်ပစ်ခဲ့…
လူ့ဘ၀စဉ်စစ်တွေအတွက်
အသက်ရှင်ခြင်းစစ်စစ်ကို ရူးသွပ်ခဲ့
ရူးသွပ်ခဲ့ ငါတို့ရူးသွပ်ခဲ့…
ငါတို့လွတ်မြောက်ဖို့အတွက်
ရူးရူးမူးမူးကို ရူးသွပ်ခဲ့ကြ
ငါတို့ဘ၀ကို ငါတို့ချစ်ခဲ့ကြပေတယ်
ငါတို့မြေအတွက် ငါတို့ ကြေမွပစေပေါ့
တို့ဘ၀တွေကို ဒီလိုရင်းပစ်လိုက်တယ်
လာကြစမ်း…..လာထားကြစမ်း…..
အကြောက်တရားကို ချောက်ကမ်းပါးထဲ ကန် ချ
ငါတို့သွေးကနီပါတယ်ကွ…
ကျည်ဆန်တွေလား ဟားဟား…ကျည်ဆန်တွေတဲ့လားကွာ
ရီသံနဲ့တင် အနိုင်ပိုင်းပြဖို့
ဒီမှာ ဒုန်းစိုင်းလို့ချီ လာကြပြီလေ…
မျိုးဆက်လှိုင်းတွေ…မျိုးဆက်လှိုင်းတံပိုးတွေ
အိပ်မက်ရိုင်းကို ရင်နဲ့ထမ်းပိုး
မိစ္ဆာတံတိုင်းကို ဖျက်ချိုးပစ်တော့မယ်…….
မိုဃ်းသွေး
Generation Wave
" စက်တင်ဘာလ၃ရက်၊ ၂၀၀၈မှာ အဖမ်းခံလိုက်ရတဲ့ ကျွန်တော်တို့ရဲ့အကိုကြီးကိုကျော်ဦးအတွက်အမှတ်တရ"
Saturday, August 30, 2008
တောင်ကိုရီးယားက ပို့ တဲ့ကဗျာ
B
စက်တင်ဘာ
တခါတရံတုန်းက စက်တင်ဘာပေါ့
အဆင်ခြင်မဲ့ပြု လူတစ်စုကြောင့်
အလှတရားတစ်ခု
ထက်ပိုင်းကျိုးကျ
သွားရပြန်ရော.........
ပြီးခဲ့တဲ့ စက်တင်ဘာပေါ့
အသိဉာဏ်ခေါင်းပါး လူငနွားတွေ
ပစ်ခတ်ရမ်းကား
ပြုမူများကြောင့်
အပြစ်မဲ့လူများ သွေးသံကြားမှာ
စုရုံးညီညာ အသက်ပေးကြရရော
အဲဒီ......စက်တင်ဘာကြောင့်
မျိုးဆက်သစ်များ အားဖြစ်စေတော့
ရက်စွဲအသစ် စွဲမယ်ကြုံရင်း
စက်တင်ဘာမိုးရွားဖြိုးတော့တယ်
အခု စက်တင်ဘာက......
ပြောနေပြန်ပြီ
ကဲ
ခင်များတို့နှစ်ပဲ
ကြယ်ကောင်းတစ်ပွင့်ဖြစ်စေဖို.ရာ
ဒီ.......စက်တင်ဘာကိုချစ်လိုက်ပါတဲ့။ ။
သျှင်ခ
Thursday, August 28, 2008
ကျော်ကိုကို ထောင်ထဲက ပို့ တဲ့ကဗျာ
B
သူငယ်ချင်းများသို့
အခုပို့ပေးလိုက်တဲ့ ကဗျာကို ငါတို့ရဲ့ကျောင်းသားခေါင်းဆောင်တယောက်က ၂၀၀၇ ခုနှစ် သြဂုတ် လ ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းမှု (တစ်နှစ်ပြည့် အမှတ်တရ) ရေးသားတာပါ။ ထောင်တွင်းမှာ ငါတို့ ကျောင်းသားတွေကို နအဖ အစိုးရက ဘယ်လောက်ထိ လူမဆန်စွာ ညှင်းပန်းနှိပ်စက်တယ်ဆိုတာ သူ့ကဗျာအရေးအသားကို ဖတ် ကြည့်ရင် သိနိုင်ပါတယ်။ ဒီလောက်ထိ သေလုမျောပါးနှိပ်စက်ခံရတာကိုတောင် သူတို့တွေရဲ့ဇွဲသတ္တိတွေ လျော့မသွားသေးဘဲ ပြည် သူအားလုံး သူတို့လို မခံစားရအောင် ခိုင်ခိုင်မာမာ ကြိုးစားနေကြတုန်းပဲ။ အဲဒီလို နှိပ်စက်ညှင်းပန်းမှုတွေရဲ့အပြင်မှာ ငါတို့တွေ နေ ထိုင်နေကြပြီး ဘာလို့ သူတို့လို ခိုင်မာတဲ့စိတ်ဓာတ်၊ တိုင်းပြည်ချစ်တဲ့စိတ်ဓာတ်တွေ မမွေးနိုင်ရမှာလဲ။ ငါတို့မှာ ငါတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ရှိသင့်တာပဲ။ ဒီလိုကဗျာမျိုးကို ငါတို့တွေလဲ ရေးနိုင်ရမှာပဲ။ သူတို့လို သမိုင်းကြောင်းကို ငါတို့တွေလည်း လျှောက် လှမ်းနိုင်ရမှာပဲ။ ငါတို့ပြည်သူတွေ ဒီထက်ပိုပြီး ဆင်းရဲတွင်းမနက်ရအောင် ငါတို့ဖန်တီးနိုင်ရမှာပဲ။ သူများလုပ်တဲ့အချိန်မှာ ငါတို့တွေ က ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေမယ့်အစား လက်တွဲကူညီလိုက်ရင် တနေ့နေ့မှာတော့ အောင်မြင်နိုင်ရမှာပဲ။ ငါတို့ ကျောင်းသားတွေ ဘာတွေကိုတွေဝေပြီး စောင့်နေကြသလဲ။ ဒီလိုဦးဏှောက်မရှိတဲ့ နအဖ အစိုးရရဲ့ ပညာရေးဟာ ငါတို့အတွက် ဘာတွေများမက်မောစရာကောင်းနေလို့လဲ။ ကျောင်းသားလူငယ်ပီပီ မခံချင်စိတ်တွေ မွေးကြပါတော့။ မဝေးတော့တဲ့ ပန်းတိုင်အ တွက် ခွပ်ဒေါင်းစိတ်ဓာတ်တွေ နိုးကြားကြပါတော့။ ငါတို့ နောင်အနာဂတ်မျိုးဆက်တွေအတွက် နအဖ အစိုးရကို တော်လှန်နိုင် အောင် ကြိုးစားကြပါတော့။ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို တန်ဖိုးရှိအောင် ငါတို့ ကျောင်းသားတွေ ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို ယုံကြည်ကြပါတော့။ ၂၀၁၀ မတိုင်ခင် အချိန်ခဏလေးအတွင်းမှာ ငါတို့တိုင်းပြည်ကို စစ်ကျွန်ဘဝ က ကယ်တင်နိုင်အောင် ငါတို့ကျောင်းသားတွေ စည်းလုံးကြပါတော့။
Fighting Peacoca
------------------------------------------
သွေးချွေး မျက်ရည် တော်လှန်ရေး
အကျပ်ကိုင်ခံရလွန်းလို့
ဇောချွေးစီးကြောင်း
ဆူပွက်ပွက်ထဲ
ဒီတေစ ၦခရီးကို
ဘယ်သူမျှဆက် သည်းမခံနိုင်တော့ဘူး။
လက်ဖျံရိုး နှစ်ချောင်းနဲ့
အရိုးခေါင်း အလံနက်ကို
မီးတိုက်
အဆိပ်ကုန်သည်သင်္ဘောကြီး
လောင်မြိုက်ပေါက်ကွဲရေး
ကြာပွတ်ဖျားမှ သွေးစက်တိုင်း
သတိပေးနေတယ်။
ဝတ်ကျေတန်းကျေ ရာသီဥတုထဲ
စိန်ပန်းတွေမရှိ
ခုံတန်းပြာမရှိ
တိုက်ရာပါပညာရေးသာ
နင်းမိုင်းကြွမိုင်းတွေကြား
တလမ်းသွားပြေးဆွဲနေရဲ့။
ကံ့ကော်အိုဟာ
မျက်ရည်စိုဖျန်းရုံနဲ့
မလန်းဆန်းတော့တာမို့
တချိမ့်ချိမ့် မိုးကြီးရဲ့ အောက်
ဒေါင်းတသင်းရောင်းရင်းဖွဲ့ဖို့
ကျောင်းဝင်းထဲရောက်ခဲ့ပြီ။
ကျော်ကိုကို (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)
(၂၀၀၇ ခု သြဂုတ်လ ၂၈ ရက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းမှုနှစ်ပတ်လည် အမှတ်တရ)
Wednesday, August 27, 2008
ရန်ကုန်ကဗျာစု (၂)
Bရန်ကုန်ကဗျာစု (၁)
BFriday, August 8, 2008
၈.၈.၈၈ အနှစ် ၂၀ ပြည့်အမှတ်တရ
B
၈.၈.၈၈ ကိုမေ့လို့ မရ
(စစ်နိုင်မင်း)
၈.၈.၈၈ ကို မေ့လို့ မရတဲ့
အမျိုးသားနိုင်ငံရေးထဲက
ပေါက်ဖွားလာတဲ့ကျွန်တော်
ကျွန်တော့်အသက် ကလေးအရွယ်
ဆိုးရွားတဲ့နိုင်ငံရေးထဲမှာမွေးဖွား
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
ငယ်စဉ်က ကျွန်တော်တို့ရဲ့ အိပ်မက်ဆိုးဘဝ။
၈၈မှာ ကျခဲ့တဲ့သွေး
ယနေ့အထိမမေ့သေး
၈.၈.၈၈က
ဖြစ်ပွားခဲ့တာ မနေ့တနေ့ကလိုပါပဲ။
၈၈မှာ
သေဆုံးလို့  ကျခဲ့တဲ့သွေး
ကျန်ခဲ့လို့  ကျခဲ့တဲ့မျက်ရည်
ယနေ့အထိမမေ့သေး။
လမ်းတိုင်းပေါ်က သွေးစီးကြောင်းတွေ
မြင်ရသူတွေ သွေးပျက်မတတ်
မသမာသူတွေ
သေနတ်ကိုင်လို့ 
တွေ့ ရာလူကို ပစ်တဲ့ခေတ်။
ယခု (၈)လေးလုံး အနှစ် ၂၀ ပြည့်တဲ့ခေတ်
ပြည်သူတွေကို
သွေး မြေမှာမကျစေချင်
လွတ်လပ်ရေးကိုရစေချင်။
ဒို့ ခေါင်းဆောင်ဟာ
လွတ်လပ်ရေးကို လိုလား
ငြိမ်းချမ်းရေးကို မြတ်နိုး
မတရားတာကို လက်ပိုက်မကြည့်တတ်ဘူး။
၈.၈.၈၈ဟာ
ကျောင်းသား၊ ရဟန်း၊ ပြည်သူအများ
သွေးမြေမှာကျခဲ့တဲ့နှစ်
ကျွန်တော့် မျက်စိထဲက မထွက်သေးတဲ့အဖြစ်။
ကျွန်တော်တို့ ရဲ့ အသက်တွေကိုစတေး
နောင်လာ နောင်သား
မျိုးဆက်သစ်များ
အနာဂတ်တွေလှပဖို့ ။
၈.၈.၈၈ အနှစ် ၂၀ ပြည့်
အထိမ်းအမှတ်အဖြစ်
နိုင်ငံတကာမှာ ရောက်နေတဲ့
မြန်မာနိုင်ငံသားတိုင်းရဲ့
မေ့လို့ မရတဲ့နေ့အဖြစ်။
မြန်မာနိုင်ငံကြီး
အမြန်ဆုံး လွတ်လပ်ရေးရအောင်
ဆုတောင်း မေတ္တာပို့ ကြစို့ ။ ။
Saturday, July 19, 2008
ကျွန်တော့်ကဗျာ
B
စဉ်းစားရင်း ခေါင်းစားမိတယ်
(စစ်နိုင်မင်း)
တစ်နေ့ တစ်နေ့ 
အချိန်တွေကုန်
စဉ်းစားရင်း ထမင်းစားရင်း
ဒီနေ့ နဲ့  မနက်ဖြန်အတွက်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
ဒီတစ်ပတ်နဲ့  နောက်တစ်ပတ်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
ဒီလနဲ့  နောက်လ
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
ဒီနှစ်နဲ့  နောင်နှစ်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
အတိတ်၊ ပစ္စုပ္ပန်နဲ့  အနာဂတ်အတွက်
စဉ်းစားခြင်း ခေါင်းစားရင်းနဲ့ 
အတွေးတွေခြောက်တယ်
အရှပ်ထုပ်တွေကို မစဉ်းစားချင်
အတွေးထဲကို ရောက်လာတဲ့
ယောင်ချာချာအတွေး
စဉ်းစားရင်း ခေါင်းစားမိတယ်
အချိန်တိုင်း အချိန်တွေအတွက်
စဉ်းစားရင်း ခေါင်းစားမိတယ်
အတွေးလေးတစ်ခု စဉ်းစားလို့ မရ
ဒီနေ့ လား မနေ့ ကလားဆိုတာ
စဉ်းစားရင်း ခေါင်းစားမိတယ်
ငယ်စဉ် ယခုအချိန်ခါမှာ
ပညာတွေသင်ပြီး
ဆန်းသစ်တဲ့ အတွေးခေါ်သစ်တွေနဲ့ 
တီထွင်နိင်ဖို့ လိုအပ်နေ
ခေါင်းစားမယ့် အတွေးတွေကို
မတွေးတောဘဲ
နေတာကောင်းမယ်။ ။
Wednesday, July 2, 2008
Sunday, June 29, 2008
Poem for burma
B
ဝါရှင်တန်နွေဦး
ဒီနွေဦးဟာ
တို့ ဆီမှာ ၀သန်မိုးပါ
မြစ်ရေတွေတိုးလို့ 
အဖြစ်ဆိုးတွေ
မကြုံကြပါစေနဲ့ ။
မိုးတွေသည်း
ပျိုးတွေကြဲ
လယ်ထဲယာထဲ
ကျွဲနဲ့ နွားနဲ့ 
ယာလည်းညှက်
အထွက်လည်းကောင်းပါစေ။
ထွက်တဲ့စပါး
လယ်သမားပဲပိုင်
စစ်တပ်မကိုင်ပါစေနဲ့ ။
S.S.T
Thursday, June 19, 2008
ကိုရီးယားကပို့ တဲ့ကဗျာ
B
မီးပန်းကငှက်ငယ်ထက်မြင့်
အဲဒီညပေါ့….
လေတချက်အငိုက်….
မီးပန်းတွေရွက်တိုက်တော့,
မှောင်မိုက်ညရဲ့ခန္ဓာ
မျက်ဝန်းထဲ
လောင်ကျွမ်းသွားရှာတယ်……
အောင်းမေ့ဖွယ်သီချင်းနဲ့အတူ
နှလုံးသားကခေါင်းလောင်းသံ
အတွင်းဒါဏ်ဖြစ်နေတဲ့
ကလေးရဲ့လက်ပေါ်ကစလို့
သင်းသတ်မရအောင်လောင်မြိုက်
တဖြစ်ဖြစ်မီးတိုက် တွေ
စီးလာရာမီးလမ်း
အနောက်ဘင်္ဂလားမှသည်,
မမွေးသေးသောမြို့သစ်များဆီသို့………
ကမ္ဘာမြေရဲ့မျိုးစေ့
ပန်းများ,သစ်သီးဝလံများ,
အိပ်မက်များ
နက် ရှိုင်းစွာစကားပြောကြ…
သီချင်းဆိုကြ,
လေးလံတဲ့အရာတွေ လှုပ်ခါချလို့……
မီးပန်းဟာ,
ငှက်တကောင်ထက်အမြင့်ပျံတယ်….
တခု သောဖယောင်းတိုင်မီး
တခု သောကမ္ဘာကြီးဆီသို့
ပွင့်လင်းသော,လွတ်လပ် သော..
ငြိမ်းချမ်းသော,ခိုင်မာသော
ချစ်ခြင်းများရှိသည့်အရပ်ဆီ…….
အားလုံးမြောက်တင်ပစ်သည့် မီးပန်းများ,
မီးစများ,မီးပေါက်များ ..
စုဆုံ ကြသည့်တနေ့အခါ…
မီးတောင်ထက်ပေါက်ကွဲမှုအားပြင်းထန်သော,
မီးပန်းငယ်ဟာ
ငှက်တကောင်ထက်အမြင့်ပျံတယ်………
ဘဆောလ် ဟီ သည် ၁၉၆၄ ခုနှစ် ဂါန်ဝမ်ဒို ဆိုဂ်ချိုတွင် မွေးဖွားပြီး ဆောင်ရှင်း အမျိုးသမီး တက္ကသိုလ်တွင် ကိုရီးယားဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး ဟန်ရှင်း တက္ကသိုလ်တွင် စာပေဖန်းတီးရေး ဘွဲ့လွန်ကျောင်း အောင်မြင့်ခဲ့ပါသည်၊ ၂၀၀၃ ခုနှစ်တွင် ကဗျာဆရာ ဆုရရှိခဲ့ပြီး ကဗျာများ ဆက်လက်ရေးသားလျက်ရှိပါသည်၊
ဇော်မိုးအောင်တိုက်ရိုက်ဘာသာပြန်ကာတာရာမင်းခိုက်ဆီ လျှော်အောင်သီဖွဲ့သည်.
Friday, June 6, 2008
ကိုရီးယားက ပို့ တဲ့ကဗျာ
B
တစ်သားထဲဖြစ်သွားသော လမ်းပေါ်ကလူများ
နက်မှောင်တဲ့ လှိုင်းဟာ
မညီညာတဲ့ 
တောင်တွေကိုဖြတ်ကျော်
ထိန်းချူပ်ခံအိမ်တလုံးမှာ
ရာသီပေါင်းများစွာ
ကြေကွဲနေတဲ့ အမျိုးသမီးအတွက်
အကြင်နာကင်းအောင် လှတဲ့
ဂွမ်ဂျူးရဲ့  နွေဦးကို
အပြစ်ဖွဲ့ မိတယ်
ပင်စည်မှ သစ်ကိုင်း
တိုးထွက်တဲ့  ရွက်ပွင့်တိုင်း
နေရောင်ကို အန်တု
အနီရောင် ကတ္တီပါထုဟာ
နွေဦးရောက်တိုင်း
ပန်းခြံမှာ ယောင်ကိုင်းလာတယ်
နွေဦးရေ
တောက်ပြောင်တဲ့မျက်လုံးပိုင်ရှင်
ကလေးများ
သန့် စင်လှပတဲ့  နံနက်ခင်းကို
လွတ်လပ်စွာ ပွေ့ ဖက်နိုင်မယ်ဆို
တပိုင် တနိုင် လက်ဆုပ်နဲ့ 
ကယ်တင်ခြင်းပေးတဲ့ အမေတို့ 
ပြိုကျခဲ့ပေါ့ ခန္ဓာ
သေနတ်တည့်တည့်ကို
ချိန်ထားတဲ့ နှလုံးသားများ
အား……………………………..
ဂီးနာမ် ရဲ့ နွေဦးဟာ
ပူလောင်လှချည်ရဲ့
အောက်မေ့ဖွယ် မှတ်တိုင်က
ချိုမြန်တဲ့ မွှေးရနံ့ တွေ
အိမ်မက်ထိုင်ခုံ
ကိုယ်ပိုင် ယက်လုပ်ဖို့ 
ညနက်နက်ထဲမှာ
ငါတို့ ဟာ
မှောင်နေသေးတဲ့ ကြယ်
အသက်ဝအောင်ရှုရင်း
မတော်တဆရကြမယ်
ဒို့ ညီအကိုတွေရဲ့  အိပ်ကပ်မှာ
ဆိုးရွားတဲ့ အနံ့ အသက်
ဝန်းကျင်ကို ပျံ ထွက်ပေမဲ့ 
အစဉ်အလာ အတိုင်းပေါ့
အညိုရောင် ကြွက်သားနဲ့ 
ငါတို့ မြေကိုထိန်းသိမ်းကြ
ရေနံတူးစင်က ထွက်လာတဲ့ သွေးမည်း
ခေတ်သစ်ဓနရှင်ရဲ့
ကားလုပ်ငန်းထဲကို စီးဝင်
ဂွမ်ဂျူးရဲ့  အတိတ်နဲ့ 
သင်္ချိုင်းက ပုံရိပ်တွေ
အခြားနည်းလမ်းနဲ့ 
အခြားတစ်နေရာ
ပုံစံတူ အဖြစ်အပျက်
ရုပ်ပုံတွေ ဆွဲကိုင်
အလံကို ထိုးစိုက်
စာသင်ခန်းကို
သူငယ်တို့  ပစ်ပယ်ကြ
အနီရောင်ပင်လယ် သံဃာတွေ
မေတ္တာရပ် ခံနေတဲ ဘိက္ခူနီတွေ
ထွန်တုံးကိုပစ်ချခဲ့  တောင်သူတွေ
အားလုံးဟာ
မတရားမှုကို
ငတ်မွတ်ခြင်းလို စက်ဆုပ်ကြ
လေသန့် သန့် ရှု ဖို့ 
အထက်အမြင့်ကို တက်တိုင်း
ရက်စက်တဲ့ ရင်းနှီးမှု
ပုခုံးတွေကို နင်းချေပြုရတယ်
ဒီမှာ…
သန့် စင်တဲ့  အာရုံသစ်
လက်မောင်းခြင်းယှဉ်ပြီးဖွင့်လှစ်ရအောင်
အချိန်ဟာ ရက်စက်တိုတောင်း
သေချာတာ
တစ်ယောက်မှာ အသက်တစ်ချောင်း
ဘယ်တောင် ဘယ်လောက် မြင့်မလဲ
ငါတို့ ရဲ ရဲ ဖြတ်ကျော်
လှိုင်းကြမ်း လှိုင်းရမ်း
ငါတို့ လက်ကို
မလွှမ်းနိုင်ဘူး
အမှောင်ဖုံးတဲ့ မျက်လုံး
မှားယွင်းမှုနှုန်းတွေ မတိုးခင်
နောက်တစ်ကြိမ်ထပ်ဖွင့်
စွမ်းအားသစ် ရွှက်လွင့်စမ်း
မြန်မာအပေါင်းတို့ …
ငါတို့ ရဲ့ မြေကမ္ဘာ
ဘယ်သူတွေ သင်းသတ်မလဲ
ယုံကြည် မှုတိုင်းဟာ အသစ်
ပိတ်ဆို့ မရတာ နွေဦးစစ်စစ်
မပြီးသေးတဲ့  ပန်းချီကား
မဲနက်တဲ့ လှိုင်းတွေကို ကျော်ဖြတ်
မြင့်မားတဲ့ တောင်တွေကို ဖြတ်ကျော်
ငါတို့ ဟာ
တစ်သားထဲ ဖြစ်တဲ့အခါ
သန့် စင်လှပတဲ့  နွေဦးဟာ
ရင်ဘတ်ထဲက နောက်ဆုံးစေတနာ…
၁၉၈၀ ခုနှစ် မေလ ၁၈ ရက်နေ့ ဂွာန်ဂျူ အရေးအခင်းစတင်ပြီး ဂွာန်ဂျူ မြို့နယ် ကောင်စီရုံးရှေ့တွင် စစ်ဗိုလ်ချုပ် ဂျွန်ဒူဝမ် (ချာန်ဒူဝမ်) က ခိုင်းစေသော စစ်တပ်က ကိုရီးယား ကျောင်းသား ပြည်သူများ မတရား ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသော သွေးမြေကျခဲ့ရသောဂီးနမ်လမ်းမကြီးကို ဖော်ပြခြင်းဖြစ်သည်၊
ကဗျာဆရာ ဘဂ် မုဂုသည် ဂွာန်ဂျူ အရေးအခင်းတွင် ဂျွန်နမ် တက္ကသိုလ် အင်္ဂလိပ်ဘာသာရပ်နှင့် ဟန်ညမ်း တက္ကသိုလ်၌ကိုရီးယားဘာသာရပ် (ဘွဲ့လွန်) တို့ဖြင့် ဘွဲ့ရရှိခဲ့ပါသည်၊ ၁၉၇၇ ခုနှစ်မှ စတင်၍ ကဗျာကို စတင်ရေးသားခဲ့ပါသည်၊ ကိုရီးယားစာပေဝေဖန်မူ အကောင်းဆုံး ဆုတံဆိပ် ရရှိခဲ့ပါသည်၊
ဘာသာပြန် - ဇော်မိုးအောင် (လွတ်မြောက်နယ်မြေ)
ကိုရီးယားစာသားပြင် - တာရာ မင်းခိုက်
Friday, May 23, 2008
နာဂစ်အလွန်၊ ဖက်ဆစ်မုန်တိုင်းကဗျာ
B
ပြည်သူ့အသက်တွေ အလျော်ပြန်ပေး
(ရဲရင့်သက်ဇွဲ)
သမ္မာကျမ်းစာပါ
ကမ္ဘာပျက်တဲ့နေ့ဟာ
နာဂစ်နဲ့အတူရောက်လာတယ်
နာဂစ်ပြန်တော့ ကျန်ရစ်တယ် .. ။
ကြမ်းကြား လေကြား
မုန်တိုင်းသတိပေးချက်ဟာ
(ဘုရားစူးရပါစေရဲ့)
ဝတ်ကျေတန်းကျေ နိုင်လွန်းလှတယ် .. ။
ဥမကွဲ သိုက်မပျက်
နေထိုင်လာတဲ့နှစ်များစွာ
တိုက်ခတ်လာတဲ့မုန်တိုင်းများစွာ
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ပါရဲ့ ..
အခုတော့
ဥကွဲ သိုက်ပျက်
နာဂစ်ရဲ့ရိုက်ချက်ထက်
စစ်အုပ်စုရဲ့ ရိုက်ချက်ကပြင်းလွန်းတယ် .. ။
သဘာဝဘေးအန္တရာယ်
ဘယ်သူမှတားဆီးမရနိုင်ပေမယ့်
ကြိုတင်သတိပေး တပ်လှန့်နှိုးဆော်
အချိန်ဆိုတဲ့ တန်ခိုးတော်က
လူ့အသက်ပေါင်းများစွာကို
ကယ်တင်ပေးနိုင်လိမ့်မယ် .. ။
အကြင်နာကင်းမဲ့တဲ့နှလုံးသား
ဇိန္နမာန ဥာဏ်နဲ့ အုပ်စိုးသူတို့လက်အောက်က
ပြည်သူတို့ရဲ့အသံ
အမေရိကန်လာပါ ..
အင်္ဂလန်လာပါ ..
ပြင်သစ်လာပါ ..
ကူညီနိုင်စွမ်းရှိတဲ့ သူမှန်သမျှလာပါ ..
ကူကယ်ရာမဲ့သူတို့ရဲ့ မျှော်လင့်ချက်ဟာ
ကောက်ရိုးတမျှင်ပဲပေါ့ ..။
အစားအစာပေးပါ
သောက်စရာ ရေပေးပါ ..
အ၀တ်အထည်ပေးပါ ..
နေစရာ နေရာပေးပါ ..
အသံလှိုင်းတို့ရဲ့ ပဲ့တင်ရိုက်ခတ်သံများ
စစ်အုပ်စုမှာ နားမရှိရှာ
ပြည်သူလူထုရဲ့ ဒုက္ခထက်
သူတို့ရဲ့ အာဏာလက်မလျွှတ်ရေးဒုက္ခက
ပိုပြီးကြီးမား
အတ္တလောက်တွေ တဖွားဖွားနဲ့ပေါ့ .. ။
ဒါကြောင့်
ဘုရားသခင်ထံပါး
ကျက်သရေယုတ်သူများအား စွဲချက်တင်လိုက်တယ် .. ။
"အို ဘုရားသခင်
လူပေါင်းများစွာ သေကြရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။
လူပေါင်းများစွာ ဒုက္ခနဲ့ကြုံရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။
လူပေါင်းများစွာ ဒုက္ခတွင်းထဲမှာ
ထပ်ပြီးတော့ အသက်ဆုံးရှုံးရဦးမယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။
အို ဘုရားသခင်
ရက်စက်ယုတ်မာသော
နှလုံးသားရှိသူတို့သက်တမ်းကား
ရှည်လျားလွန်းလှ ..
ဖြူစင်ရိုးသားသော
အပြစ်မဲ့ပြည်သူတို့.သက်တမ်းကား
တိုတောင်းလှချေ… ။
တရားသဖြင့် မျှတသောစီမံမှုကို ပေးတော်မူပါ .. ။
စစ်အုပ်စုကျဆုံးပါစေ ..
ပြည်သူလူထု လွတ်မြောက်ပါစေ …
Wednesday, May 21, 2008
မဲဆောက်ကပို့ တဲ့ကဗျာများ
B
(1) သွေးရဲတဲ့ ပန်းတစ်ပွင့်
အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ၀ိုင်းကိုက်တယ်...။
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်.....။
မနလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်......။
သူမ.......
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်...။
ပန်းတစ်ပွင့်မှာ...
ရန်သူတွေများတယ်...
သူတို့က
ရာဇ၀င်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဥာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း.....
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်...။
ပန်းတစ်ပွင့်က...
စာတတ်တယ်....
ကမ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က...
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်....
ပန်းတစ်ပွင့်က..
ပညာဥာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ....
ဒါနဲ့များ...
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ....။
ပန်းတစ်ပွင့်......
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အနတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ....။
ပန်းတစ်ပွင့်...
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ္ဘာက လက်ခံတယ်.....။
..........
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်....
အသွေးမှန်တယ်
အရောင်ကောင်းတယ်.....
ဒါကြောင့်......
မြန်မာပြည် ရာဇ၀င်မှာ....
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်...။ ။
NZ
(2) သွေးသစ်ခွပ်ဒေါင်း
သွေးရဲရဲ မုန်တိုင်းလားဟေ့
စစ်ခွေးနဲ့ ယမ်းငွေ့ကြား...
အားမာန်ပြင်းပြင်း
ဒေါင်းအလံလွှင့်ရင်း
သွေးလက်ခမောင်းခတ်
မတ်တတ်သေချင်သေ..
ငါ့ ဒါဏ်ရာတွေအတွက်...
မျက်ရည်မထွက်နဲ့...
လူသာသေမယ်...
သွေးမသေဘူး
တွေမနေနဲ့ရဲဘော်
မောနေသလား
အားနည်းတဲ့အခါ...
ရေဆာတဲ့အခါ...
ငါ့သွေးကိုသောက်လေ
ငါသေမှာ စိတ်မပူနဲ့
ငါ့သွေးနဲ့အားကိုဆက်
မျိုးဆက်သစ်တွေကြား
ဒေါင်းဆိုတာ ၀ံ့ကြွားနေရမယ်
သူငယ်ချင်း..
ပြည်သူတွေ ငိုနေပြီလေ...
ခွပ်ဒေါင်းတွေ သေရဲရမှာပေါ့...။
ဒေါင်းကွင်း-၁
တော်ရာမှာနေစမ်း
လူသွမ်းတို့ရယ်။
ချောင်ထဲမှာ အသာငြိမ်ကာ
ကလိန်တဲ့ ဥာဏ်
မြောင်းထဲကဟန်နဲ့ 
ရန်စောင်ကာ blog တကာ
လျှောက်မရေးနဲ့
ဒီကွင်းက မင်းတို့အတွက်ကွဲ့။
အမြင်တွေစောင်းနေရင်
ဒေါင်းကွင်းကို ဖြတ်ခဲ့
အပေါင်းအသင်းတို့
မြောင်းတွင်းက အော်မနေနဲ့။
မြွေ၊ဖားတွေနဲ့တကွ
အဲဗျ၊ တိုက်ကြက်လို့လည်း
ဆိုကြတယ် ..
ယှဉ်သာမယ်ထင်လား
အစဉ်အလာကို
ပြန်ပြောင်းကြည့်
ခွပ်ဒေါင်းကို နိုင်ရိုးမရှိကွဲ့။
ပလီပလာနဲ့
မသတီစရာစကားတွေ
ငါတို့မကြားလို၊
သမိုင်းဖျက်ချင်တဲ့
သရဲ၊ သဘက် ရွာနာတွေ
ညှာတာမယ်မထင်နဲ့
မြင်သာအောင်ဝင်ခဲ့ကြ။
ဗျောက်သောက်ဖြစ်နေတဲ့
ဦးနှောက်ကို
ဖောက်သောက်ပစ်လိုက်မယ်။
ဒေါင်းနေရာသန့်သန့်ရှင်းရှင်းကို
မြောင်းတကာ
နင်းနေတဲ့ကောင်တွေ
ပုတ်ဟောင်နေတဲ့
ခွေးသေကောင်စတိုင်နဲ့ 
ယောင်တောင်တောင်
လာမရှုပ်နဲ့
ဒို့မှာ chat စောင့်ရှိတယ်ကွဲ့။
အစဉ်အလာသမိုင်းကို
ရာဇ၀င်ရိုင်းအောင် မရူးကြနဲ့
ကိုယ်တိုင်ရေးသမိုင်းကိုင်ပြီး
ခပ်ချာချာဦးနှောက်နဲ့
ရှင်းဝံ့ရင်လာခဲ့ကြ
ဒေါင်းကွင်းကလူတွေဆိုတာ
မြောင်းတွင်းက
မင်းတို့အသင်းအပင်းတွေလို
ခေါင်းအတွင်းထဲ ..
ဘာမှမရှိတဲ့ကောင်တွေ
မဟုတ်ဘူးဟေ့။
ဒေါင်းနဲ့ ဒဲ့တိုးခွပ်ချင်တဲ့
မျိုးမစစ်တိုက်ကြက်ချာချာတွေ
သံချပ်ကာဝတ်ပြီး
တက်လာခဲ့ဟေ့
ဒေါင်းအလံအောက်မှာ
မြေကမ္ဘာကိုတောင်
ပြောင်းပြန်လှန်မယ့်
ကဒေါင်းနဲ့ခွပ်ဒေါင်း
နှစ်မျိုးစလုံးစောင့်နေတယ်။
နေနတ်နွယ်
(3)ဒေါင်းကွင်း-၂
ခွပ်ဒေါင်းတွေ
တောင်ပံခတ်ရင်....
ဝေဟင်မှာဠင်းတ မ၀ဲရဲပေဘူး...
ထဲထဲဝင်ဝင်
ခွပ်လက်ပြင်တော့...
အမိုက်အမဲတွေသွေးပျက်....
ဘေးထွက်ပြီးငိုတယ်ထင်...
ဟောဒီ လောကီမှာ.....စ.ဓ.ဗ.ဝ
"စမ" လေးလုံး....
မသိရင်လူဖြစ်ရှုံးတယ်.....
"ဓ" ဆိုတာ ဘယ်မှာလဲ....
ဥာဏ်နည်းသူမသိ...
ဒေါင်းမြီးမှာဘဲရှိတယ်ဟေ့။
(Nz)
(4) ကျွန်တော်တို့ရဲ့အိမ်
ကျွန်တော်တို့ရဲ့အိမ်စုတ်လေးပါ...
ရှိုက်ငိုသံတွေ ကာရံထားတယ်
စိတ်ထွက်ပေါက်တွေ မဲ့နေတယ်.....
အဖြစ်မိုးထားတဲ့......
ရိသဲ့သဲ့ ဖက်ရွက်တွေကြားက
မိုးရွာရင်တောင် .....
သွေးစက်တွေဘဲယိုကျတယ်...။
အမှောင့်ပယောဂ လက်တံရှည်တွေကလည်း
အိမ်တစ်ခုလုံးကို ရစ်ပါတ်လို့ ....။
တစ်ခါတစ်ရံ....
အိမ်စုတ်လေးထဲက....
စကားသံ.....ဒါမှမဟုတ်
ငိုငြီးသံ ထွက်တဲ့အခါ.....
ဘေးအိမ်တွေ မကြားစေဘို့
အထဲကလူတွေ.....
တစ်ခုခုတော့ လုပ်လိုက်တယ်....။
အိမ်စုတ်လေးထဲက
မည်ကာမတ္တ ဆီမီးရောင်ကလည်း
ဘာကိုမှ ရဲရဲမကြည့်ရဲအောင်
အားငယ်နေရှာတယ်။
...........
ဒီအိမ်ထဲမှာဘဲ မွေးခဲ့ကြတာပါ
ဒီအိမ်ထဲမှာဘဲ သေကြရမှာပါ...
သူစိမ်းတွေလာမသတ်ပါဘူး
ဒီအိမ်ထဲကဘဲ နှိပ်စက်လို့ သေကြရမှာပါ..။
တစ်ချို့အိမ်တွေများ..
အိမ်အောက်က ရွှေအိုးတွေ့ပေမယ့်
ဟောဒီအိမ်အောက်မှာတော့
ဒီအိမ်ကလူတွေရဲ့ အရိုးတွေ
လက်စဖျောက်ထားလေရဲ့ ...။
ငါ့ရဲ့အိမ်ကလေးပါ....
ငါတို့ရဲ့မွေးဖွားရာ အိမ်စုတ်လေးပါ
ငါတို့ရဲ့ အိမ်ကလေးပေါ့.......
ဝမ်းသာခြင်း မရှိတဲ့အိမ်....
အေးချမ်ခြင်း မရှိတဲ့အိမ်....
........
သစ္စာဖောက်တွေ လုယူထားတဲ့ အိမ်။ ။
NZ
(5) အသိခေါက်ခက် အ၀င်နက်
အကြောင်းတရားအမှန်ကို
သိနေပါရက်နဲ့များ
ခေါက်ဆွဲစားသလိုလို
ခက်ခဲမှုကို ဖြေရှင်းသလိုလို
အပိုစကားတွေ ခင်းပြ
ဝင်က`နေတဲ့ နေရာ
နက်ဖြန်ခါ ဆက်မြဲဘို့
သောကတွေကို ၀ိုင်းနင်းခြေ
မျက်ရည်တွေ ဘီယာနဲ့မျှောပြီး
ကန်းနေတဲ့
နှလုံးသားတွေနဲ့
လုံးဝလည်းမရှက်
သားကိုတောင် ချနင်းရက်မယ့်
ပိုင်ဆိုင်မှု ငတ်မွတ်သူတွေ
ရှင်နေစဉ်ကတည်းက ငရဲကျ
များလှတဲ့ ဘ၀တွေအတွက်
အားလုံးကိုပြောချင်တယ်
သမုဒယ သစ္စာတရား
နားလည်အောင်လုပ်ထား
သည်ဘ၀မှာကတည်းက ငရဲအိုးက လှုပ်နေပြီ....။
NZ
(6)ညဥ့်ပွဲခင်း
ဟက်တက်ငြီးငြီး ရယ်ဟီးသံတွေနဲ့
မသာမိတ်ကပ်တွေလိမ်းရင်း....
မကောင်းဆိုးဝါးတွေ တွန်ကြ....။
လူရိုးတွေ ပရမ်းပတာရိုက်လို့
စည်းဝါးလိုက်ရင်း.....
မိစ္ဆာဗုံတွေ တီးကြ...။
သွေးစုတ်ဖုတ် ပိတုန်းကောင်တွေကလည်း
နေရာအနှံ့ တ၀ီဝီခေါ်ရင်း တုတ်ကြ....။
နာနာဘာဝလည်း နာနာဘာဝလောက်
အစွမ်းတွေပြကြ....အခွင့်ရှိသမျှပေါ့...။
လောင်မီးကျ မြေပြင်မှာမှ
သဇင်ပန်းပန်ရင်းပြုံးချင်ရသေးသတဲ့...
သူတို့ရဲ့ညဥ့်တွေမှာပေါ့လေ....။
ပွဲမိန့်ပါမစ်ကလည်း .... သူ့လက်ထဲမှာဘဲကိုး..။
မသတီစရာ ဖန်ဆင်းမှုတွေထဲမှာ
မျက်စေ့လည်စရာ ကောင်းတဲ့အထဲ
တစ်ချို့က....
မျက်စေ့လည်ချင်ယောင်ဆောင်ရင်း.....ရူးနေကြ။
" လ " ကတော့မိုက်နေဆဲဘဲ....
ကြယ်ကြွေအချို့ရဲ့တိမ်မြုပ်မှုတွေနဲ့။
မာယာလမ်းတွေ ဖောက်တော့...
အာသာငမ်းငမ်း လမ်းလျှောက်ကြ..
ဖြတ်သွားသမျှလည်း
ဖမ်းစားလိုက်လို့ဖုတ်နာတွေ ကပ်နေကြ...။
အစွမ်းရှိသလောက်တော့ကကြမှာ...
တစ်ချို့ကလည်း ပွဲကောင်းသတဲ့လေ...
သေလိုက်ကြတာမှ..။
သွေးစုတ်လို့သေတဲ့အခါ
ဖုတ်သက်ပြန်ဝင်ရင်းဘဲ...
သွေးစုတ်တတ်သွားကြပြန်ရော...။
အင်း........
သူတို့ဆိုင်းချက်တွေ ပိုပြင်းလာတယ်
"က" ကွက်တွေ ဆန်းလာတယ်...
ပိုး ဖဲ စိန် ရွှေ တွေ ပိုဝတ်ပြလာတယ်
"က" ရင်း "ပြုံး"ရင်း...
သွေးပေတဲ့ အစွယ်တွေ ပိုရှည်လာတယ်..။
ရိုးမနားဆိုတော့....
တောနက်တယ် တောင်ထူတယ်...
အဲဒီရိုးမတောင်ကြားကဘဲ..
ပုဇွန်ဆီရောင် သန်းလာလိမ့်မယ်...
တို့လက်တွေသာ..သတိနဲ့ဆုပ်ကိုင်ထားပါ...
မိစ္ဆာတွေခင်းတဲ့ ပွဲခင်းဆိုတာ
နေမထွက်ခင်လေးဘဲစွမ်းတာ....
လှပ ခန့်ငြား ထယ်ဝါလိုက်တာလို့ ...
အူကြောင်ကြောင် မတွေးနဲ့...
မိုးလင်းတဲ့အခါ
"ကြပ်" ရွာဆိုတာ....
ပျဉ်းမနားဘက်မှာ ရှာတွေ့မှာကိုမဟုတ်တော့ဘူး...။
NZ
(7) ပွဲသိမ်း
သက္ကရာဇ်က ၂၀၀၈
စစ်မျက်နှာအသစ်ဖွင့်ရင်း
ရာဇ၀င်ရဲ့နုပျိုခြင်းက...
ခွပ်ဒေါင်းတွေအတွက်
ပဉ္စလက်ခွပ်လက်တွေ ..
ခပ်ရိုင်းရိုင်းသယ်ဆောင်လာ ...။
ဒီမှာ ....
ဇရာဆိုတာ ... ပလီပလာ
အာဏာနဲ့ ကွယ်လို့မရ
ယတြာနဲ့ ပယ်လို့မရ ...
သက်ပြင်းတွေချရင်း
သေမင်းကိုထွေခင်းလို့
ခင်ဗျားတို့အတွက် တနှစ်ချင်းတိုးဝင်နေ ...။
ပြီးတော့ ......
ကားဂိတ်တွေမှာ .. မှတ်တိုင်ရှိတယ်
သင်္ချိုင်းတွေမှာ မှတ်တိုင်ရှိတယ် ...
မြန်မာပြည်က ...... အာဏာရှင်မှတ်တိုင်
ခပ်ယိုင်ယိုင်ဆိုတာ .........
လူတိုင်းသိတယ်.......။
နုပျိုခြင်းနဲ့ ရင့်ရော်ခြင်း
ညီမျှခြင်းခင်းရင်....
ဘယ်သင်းက နိုင်မလဲဆိုတာ
ဗေဒင်မမေးနဲ့ ဗိုလ်သန်းရွှေ
ခင်ဗျား... သေဘို့ပြင်ထားပေါ့ ...။
အဟင်း ....
ခင်ဗျားတို့မွေးတဲ့စစ်သား
ခင်ဗျားတို့ခင်းတဲ့ဇာတ် ..
ပြည်သူတွေ သွေးတဲ့ဓါး
ပြည်သူတွေ ရှင်းတဲ့ဇာတ်ကို
ယောင်လို့များ.....
အခေါင်းလေး လှပ်မကြည့်နဲ့ ....
အာဏာရှင်တိုင်း နိုင်ပွဲမရှိတာ
ကမ္ဘာကသိတယ် ....။
ခင်ဗျားတို့မွေးတဲ့ စစ်သားပေါက်နဲ့
ပြည်သူကမွေးတဲ့ခွပ်ဒေါင်း
အားသစ်လောင်းရင်း ဆက်တိုက်မယ်
အမှန်တရားကတော့...
ကမ္ဘာ့အလယ်မှာ..
ခပ်ပြုံးပြုံးနဲ့ ကြည့်နေတယ်......။
Nz
ခေတ်
ခေတ်ကြီးကိုက…..
သိက္ခာတွေ ဇီးရိုးနဲ့
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။
ကမ္ဘာမှာ ဘိတ်ဆုံးနဲ့
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။
ပြက်လုံးတွေကို
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။
ခွပ်ဒေါင်းတွေပြေးတဲ့လမ်းမှာ
သွေးတွေ စေးထန်းနေတဲ့ခေတ်။
သမင်မွေးရင်း ကျားစားရင်းနဲ့
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။
ကိုယ့်တအိမ်လုံးမီးလောင်နေတာတောင်
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။
အသည်းငယ်တဲ့ လိပ်ကလေးလို
ကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။
ငါတို့အားလုံး
စားဝတ်နေရေးဆိုတဲ့ မြစ်ထဲမှာ
ရေနစ်နေရတဲ့ခေတ်။
ကောင်းကင်ကို
(8) အိုင်တီခေတ်
နအဖကကြွေးကြော်တယ်....
အိုင်တီခေတ်...တဲ့။
တကယ်ဆို...
အရိုးခေါက်ခက်ကြားမှာ
ဦးနှောက်အသား ရှိတယ်ပဲထားပါဦး..
အသိခေါက်ခက်ဖြစ်နေတာက
ပြည့်တန်ဆာမ လူရုပ်မပေါ်သလို...။
နံရိုးတွေကြားမှာ နှလုံးသားမရှိမှတော့
ကိုယ်ချင်းစာတရားဟာ
ကာရာအိုကေ ပန်းကုံးတွေကြားမှာဘဲ
မြှုပ်နှံထားကြလေရဲ့....။
သူတို့နဲ့အတူ......
နို့နှစ်ပေါ်က မလိုင်များလည်း
လက်ဝါးချင်းလည်း ရိုက်တတ်ကြတယ်
အပြုံးတုတွေ ချေးငှားကြတယ်
ဘဏ်စာရင်းတွေ ကုလားဖန်ထိုးကြတယ်
ဘာပြောပြောလေ...
ငတေတို့ကတော့ မျက်နှာမာတွေနဲ့ပေါ့..။
ကိုယ့်အသားထိမှ နာတတ်ကြသလား
ခင်ဗျားတို့အသားလေးတွေ..
ငွေကြာယံကို ခဏငှားပေးလိုက်ပါ
မဂ္ဂင်ကျောင်းကို ခဏငှားပေးလိုက်ပါ
လှိုင်သာယာကို ခဏငှားပေးလိုက်ပါ
တောရွာတွေကိုခဏငှားပေးလိုက်ပါ
ရွာရှောင်တွေကို ခဏငှားပေးလိုက်ပါ
........ ..... ကို
......... ..... ကို
ခဏငှားပေးလိုက်ပါ...။
ပြောကြည့်တာပါလေ....
တစ်ကယ်တော့လည်း
ဘုရားရှင် ပြုံးခဲ့တဲ့ `တီ´ထွေးလုံးကြီးဟာ
မြန်မာပြည်မှာ အုပ်စိုးခဲ့တာ..
ကြာလှပြီပေါ့......။
NZ
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေ





Please use your liberty to promote ours.
