FREEDOM FIGHTER FOR BURMA: ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ဘာကြောင့်ရောက်သွားသလဲဆိုတာ ..
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Monday, April 28, 2008

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ဘာကြောင့်ရောက်သွားသလဲဆိုတာ ..

B



နိဒါန်း
-----
တချိန်က ကြွယ်ဝခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ဘာကြောင့်ရောက်သွားရသလဲဆိုတော့ ခပ်ရှင်းရှင်းပြောရရင် စဉ်းစားဆင်ခြင်ဥာဏ်မရှိတဲ့ အစိုးရကြောင့်ပါပဲ။ ဘာလို့ စဉ်းစားဆင်ခြင်ဥာဏ်မရှိဘူးလို့ ပြောသလဲဆိုတာ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့အရေးအခင်းနဲ့ အခု ပြည်ပနိုင်ငံတွေမှာ ကျင်းပနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကြိုတင်ဆန္ဒမဲပေးပွဲတွေမှာ စဉ်းစားဆင်ခြင်ဥာဏ်မရှိဘဲ ကမူးရှူးထိုး ရမ်းရမ်းကားကား ကိုင်တွယ်ခဲ့ပုံကို သုံးသပ်ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ တစ်ခုချင်း ကျွန်တော် ဆွေးနွေးပါမယ်။

စက်တင်ဘာသံဃာ့အရေးအခင်း
---------------------------------
စက်တင်ဘာသံဃာအရေးအခင်း ဘာကြောင့်စရသလဲ။ လောင်စာဆီဈေးတွေ ရုတ်တရက် ခုန်တက်သွားလို့ ပိုမိုကျပ်တည်းကြမယ့် ပြည်သူတွေရဲ့ ဘ၀ကို စာနာပြီး မခံမရပ်နိုင်ဖြစ်ရတဲ့ သံဃာတော်တွေ လမ်းမပေါ်ကို ထွက်လာကြလို့ပါ။

၁) အဲဒီလို လောင်စာဆီဈေးတွေ မတက်ခင် ကနဦးမှာ ကြိုတင် ကြေညာခြင်း မပြုဘဲ လုပ်ချင်ရာ လုပ်တော့ ဘာဖြစ်လဲဆိုပြီး လုပ်ခဲ့တာက အမှားတစ်ခုပါ။

၂) နိုင်ငံတကာမှာ ဈေးတွေ တက်ကုန်လို့ ငါတို့လဲ လိုက်တက်တာ တရားတယ်ဆိုပြီး လုပ်မိတဲ့ ပထမအမှားကို ရလိုရငြား ဇွတ်အတင်း ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်တာက အမှားတစ်ခုပါ။

၃) ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဘုရားသားတော် သံဃာတော် အချို့ကို ရိုက်နှက်ခဲ့တာ အမှားတစ်ခုပါ။

၎) အဲလို ရိုက်နှက်တာကို မကျေနပ်လို့ သံဃာတော်တွေ ထွက်လာတာကို ပြေပြေလည်လည် တောင်းပန်ပြီး ကြေအေးအောင် ဆောင်ရွက်ရမယ့်အစား လက်နက်အားကိုးနဲ့ ဖိနှိပ်တာ အမှားတစ်ခုပါ။

၅) သံဃာတော်တွေနဲ့ ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိမ်နင်းသတ်ဖြတ်ခဲ့တဲ့တာက အမှားတစ်ခုပါ။

၆) ဂျပန်သတင်းထောက်ကို အနီးကပ် ချိန်ရွယ် ပစ်သတ်ခဲ့တာကို မတောင်းပန်ရုံမက မတော်တဆ ကျည်သင့်ပြီး သေခဲ့တာပါလို့ လိမ်တာက အမှားတစ်ခုပါ။

ကျွန်တော် အကြမ်းဖြင်းသုံးသပ်ပြသွားတဲ့ အတောအတွင်းမှာကို အစိုးရကျူးလွန်ခဲ့တဲ့ အမှားက ခြောက်ခု တိတိ ရှိပါတယ်။ ဒါတွေဟာ လိမ္မာပါးနပ်စွာနဲ့ ဖြေရှင်းခဲ့မယ်ဆိုရင် အခုလောက်ထိ အခြေအနေဆိုးသွားစရာ အကြောင်း မရှိပါဘူး။ အဲဒီ စက်တင်ဘာက အမှားတွေကို ဘယ်လို ဖြေရှင်းခဲ့သင့်သလဲ။

၁) လောင်စာဆီ ဈေးတွေ မတက်ခင် တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပြည်သူတွေကို ကြိုတင် သတိပေးသင့်တယ်။ မပြောမဆို ဈေးအဆမတန် ခုန်တက်လိုက်ခြင်းအားဖြင့် လူတွေကို ရှော့ခ်ရစေပါတယ်။

၂) နိုင်ငံတကာမှာ ဈေးတွေ တက်ကုန်တယ်။ ဒါပေမယ့် အားလုံးက ကြိုတင် ကြေညာကြတယ်။ ပြီးတော့ ဖြည်းဖြည်းချင်း ဈေးကို ဆွဲတင်ကြတယ်။ မြန်မာအစိုးရလုပ်သလို ဗြုန်းစားကြီး အဆမတန်တက်သွားတာမျိုး ဘယ်နိုင်ငံမှာမှ မလုပ်ဘူး။

၃) သံဃာတော်တွေကို ရိုက်နှက်တယ်ဆိုတာ တကယ့်ကို မကြားဝံ့မနာသာ အပြုအမူမျိုးပဲ။ ငရဲမကြောက်တဲ့ လူရိုင်းတွေ လူသတ်ဖို့ လက်မရွံ့တဲ့ကောင်တွေကို ငါတို့ လက်သပ်မွေးထားတယ်ဆိုတာ ဒီအပြုအမူအနေ ပြလိုက်တယ်။ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီအဖြစ်အပျက်ကို သိသိချင်း ပြေလည်အောင် တောင်းပန်ခဲ့ဖို့ သင့်တယ်။ သံဃာတော်တွေဟာ အမျက်အာဃာတထားတတ်သူတွေ မဟုတ်ဘူးဆိုတာ မမေ့သင့်ဘူး။

၎) ပထမ အကြိမ်တောင်းပန်ဖို့ ပျက်ကွက်ခဲ့တာကို နောင်တမရတဲ့အပြင် သံဃာအတုအယောင်တွေလို့ စွပ်စွဲပြောဆိုလိုက်တော့ မီးပြင်းအောင် ပိုမြှိုက်ပေးလိုက်သလို ဖြစ်သွားတယ်။ ဒီအခြေအနေမှာ တိုင်းသိပြည်သိ ၀န်ချတောင်းပန်ရင် မီနိုင်ခဲ့သေးတယ်။ ဒါပေမယ့် ခေါင်းမာစွာနဲ့ မတောင်းပန်ခဲ့ဘူး။

၅) လက်နက်နဲ့ ဖိနှိပ်ရင် အားလုံးပြီးသွားမှာပဲလို့ ယူဆပြီး ကမ္ဘာသိလူသတ်ပွဲကြီး ဆင်နွှဲတယ်။ ဒါပေမယ့်လည်း အင်တာနက်ကျေးဇူးကြောင့် ယုတ်မာမှုတွေ ကမ္ဘာကသိပြီး အရှက်လုံးလုံးကွဲခဲ့ရတယ်။ ဒါတောင် နောင်တ မရဘဲ အာပေါင်အာရင်းသန်သန်နဲ့ မျက်နှာပြောင်တိုက်ပြီး အော်နေသေးတယ်။ ခွေးလှေးခုန်လို့ ဖုန်မထဘူးဆိုတာကို သတိရမိရင် ဒီလို လုပ်မယ်မထင်ဘူး။

၆) ဒီလို နိုင်ငံတကာ သတင်းထောက်ကို ပစ်သတ်ရရိုး ထုံးစံ မရှိဘူး။ စစ်မြေပြင်မှာတောင် အဲလို မပစ်ရဘူး။ အဲဒါကို တာဝန်ယူပြီး တောင်းပန်ရင်ပြီးမယ့်ကိစ္စကို ကျည်မတော်တဆထွက်သွားလို့ သေရတာပါဆိုပြီး ဘူးခံငြင်းလိုက်တယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဖုံးမရ ဖိမရထွက်လာမှ မြန်မာအစိုးရဟာ လူလိမ်လူကောက်တွေပဲဆိုတာ ကမ္ဘာက ကောင်းကောင်း လက်ခံလိုက်တယ်။

စက်တင်ဘာအရေးအခင်းမှာ မစဉ်းစား မဆင်ခြင်ဘဲ ဆုံးဖြတ်ခဲ့တဲ့ အမှားတွေ အပေါ်ယံတွေးကြည့်တာတောင် အဲဒီလောက် များနေတယ်။ ဘယ်သူမှ မသိလိုက်ဘဲ အတွေးမှား အဆုံးဖြတ်မှားလို့ ထိုးကျွေးလိုက်ရတဲ့ နိုင်ငံတော် သိက္ခာတွေ နိုင်ငံတော် ဘဏ္ဍာတွေ ဘယ်လောက် များနေပြီလဲ။ ဒီလို အုပ်ချုပ်မှုညံ့ဖျင်းပုံနဲ့ မြန်မာပြည် တနေ့တခြား ဆုတ်ယုတ်လာတာ သိပ်တော့ မထူးဆန်းဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကြိုတင်ဆန္ဒမဲပေးပွဲများ
-------------------------------------------------------
အခု ပြည်ပနိုင်ငံတွေမှာ ကျင်းပနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကြိုတင်ဆန္ဒမဲပေးပွဲတွေမှာ အနိုင်မရရ အောင် နည်းမျိုးစုံနဲ့ လှည့်စားပြီး လုပ်နေကြတယ်။ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ဆိုတာ နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်။ ဒါကို လက်တလုံးခြားလုပ်ပြီး အနိုင်ရအောင် ဆောင်ရွက်နေကြတာဟာ အတော်လေးကို ရှက်ဖို့ ကောင်းတဲ့ ကိစ္စပဲ။
၁) အစ္စရေးက မြန်မာသံရုံးမှာ မဲပေးလို့ ရပြီဆိုတာတောင် ကြိုမကြေညာဘဲ သံရုံးအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေ၊ သံရုံးက လူတွေနဲ့ပဲ မဲပေးပွဲ ကျင်းပလိုက်ကြတယ်။ ဒါလို လုပ်ခြင်းဟာ စဉ်းစားဆင်ခြင်ဥာဏ်မဲ့လွန်းတယ်။

၂) ဂျပန်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို မဲထည့်ခွင့် မပေးဘဲ ဆန္ဒပြကြတော့ ဂျပန်ရဲတွေကို လှမ်းခေါ်ပြီး သူတို့အကူအညီနဲ့ ဆန္ဒမပြနိုင်အောင် ကြိုးစားတယ်။ အဲဒီမှာ ဂျပန်ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပြီး လက်ကျိုးတဲ့သူကျိုး မေ့လဲတဲ့သူလဲနဲ့ အတော် ဒုက္ခရောက်ရတယ်။ အားလုံး အဆင်ပြေပြေနဲ့ မဲပေးနိုင်အောင် ဖန်တီးပေးရမယ့် အစား ဆန့်ကျင်ဘက်တွေကို ဖန်တီးတယ်။

၃) စင်္ကာပူမှာ မြန်မာ ၃ သောင်းကနေ ၅ သောင်းကျော် ရှိတဲ့အနက် ၁ သောင်းလောက်ကိုပဲ ရွေးပြီး ဖိတ်စာတွေ ပို့ခဲ့တယ်။ အဲဒီသူတွေကိုသာ မဲပေးခွင့်ရှိသူတွေ ဆိုပြီး သတ်မှတ်တော့ ကျန်တဲ့သူတွေ ဒေါသထွက်မယ်ဆို ထွက်ချင်စရာပဲ မဟုတ်လား။ အဲဒီလို မတရားလုပ်တဲ့သတင်းတွေ စင်္ကာပူက သတင်းစာတွေထဲ ပါလာတော့ မြန်မာသံရုံးအနေနဲ့ အရှက်ကွဲရပြန်ရော။ ဖိတ်စာ မရတဲ့သူ တချို့ကိုတော့ မဲပေးချင်ရင် အခွန်ဆောင်ထားတဲ့ ပြေစာပြရမယ်ဆိုပြီး လုပ်ပြန်တယ်။ ကိုယ့်အခွင့်အရေးအတွက် ရတဲ့ မဲတစ်ပြားကို ရဖို့ သံရုံးကို အခွန်ဆောင်မှ ပေးမယ်ဆိုတာတော့ မတရားလုပ်တာပဲ။ တကယ်တော့ ဒီမှာ တရားဝင်လုပ်ကိုင်နေသူ အများစုဟာ စင်္ကာပူအစိုးရကို အခွန်ဆောင်ပြီး နေထိုင်လုပ်ကိုင်နေသူတွေပဲ။ အခွန်နှစ်ထပ်မကောက်ပါဘူးလို့ စင်္ကာပူအစိုးရနဲ့ လက်မှတ်ထိုးထားပြီး နောက်ကွယ်ကနေ တစ်လတစ်လ မတရားကောက်နေတဲ့ ၀င်ငွေခွန် ဒေါ်လာသန်းချီဟာ ဘယ်ကို ပျောက်ပျောက်သွားသလဲ။ ပြည်တွင်းအခွန်ဦးစီးဌာနကို လွှဲပေးရတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပေးရတယ်ဆိုပြီး တစ်ယောက်ကို တစ်ယောက် လွှဲချရင်း နောက်ဆုံးတော့ စစ်အသုံးစရိတ်အဖြစ် အသွင်ပြောင်းသွားမှာ အသေအချာပဲ။


နိဂုံး
----
ပြည်တွင်းမှာ တရားမျှတတဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပပေးမယ်ဆိုတဲ့ မြန်မာအစိုးရဟာ ပြည်ပက လက်တစ်ဆုပ်စာ မြန်မာတွေက တညီတညာတည်း "နိုး" မဲတွေ ပေးလိုက်မှာကို ကြောက်နေကြတယ်။ နိုင်ငံတကာလေ့လာသူတွေ လာပြီး စောင့်ကြည့်ကြီးကြပ်ခွင့် ပေးမထားတဲ့ ပြည်တွင်းက မဲရုံတွေမှာ ကိုယ့်စိတ်ကြိုက် မဲလိမ်ရင် ရနိုင်ပါလျက်နဲ့ ပြည်ပနိုင်ငံတွေက မြန်မာသံရုံးတွေမှာ အဲလို တင်းမာမှုတွေ အဆီးအတားတွေ လျှောက်လုပ်တော့ ကိုယ်ကြောက်တာ လူသိတာပေါ့။ ရန်ကုန် တစ်မြို့လုံးမှာ မဲပေးနိုင်သူ ဦးရေ လေးသန်းကျော်ရှိတယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်ရတယ်။ အဲဒီမှာ မဲမလိမ်ချင်လည်း တစ်နိုင်ငံလုံး မဲလိမ်လို့ ရတဲ့ နေရာတွေ အပြည့်ပဲ။ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေ အားလုံးကို မဲပေးခွင့်ပေးပြီး ရန်ကုန်လို မြို့ကြီးတွေမှာ နိုင်ငံတကာက လေ့လာသူတွေ စောင့်ကြည့်ခွင့်ပေးလိုက်မယ်ဆိုရင်တောင် အခြား နယ်တွေမှာ လိမ်ချင်တိုင်း လိမ်လို့ ရတာ စဉ်းစားဆင်ခြင်ဥာဏ်ရှိသူတိုင်း တွေးမိမှာပါ။ အခုတော့ အားလုံးနဲ့ ပြောင်းပြန်တွေချည်း လိုက်လုပ်နေတာ တွေ့နေရတော့ တာပါပဲ။

လာမယ့် မေလ(၁၀) ရက်နေ့ကျရင်လည်း ဘာတွေ စဉ်းစားဆင်ခြင်ဥာဏ်မရှိ လျှောက်လုပ်ဦးမလဲဆိုတာ ကြိုမတွေးတတ်အောင် ပါပဲ။ အရူးကို လင်လုပ်နေရသလိုပဲဆိုတဲ့စကားလို အရူးပလ္လင်ပေါ်ရောက်နေတဲ့ ခေတ်အခါကိုး။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ဘာကြောင့်ရောက်သွားသလဲဆိုတဲ့ မေးခွန်း ကျွန်တော့်ကို မေးလာမယ်ဆိုရင်တော့ ဒီဆောင်းပါးကို အစအဆုံး တစ်ခေါက်ထပ်ဖတ်ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်လို့သာ ဖြေချင်ပါတယ်။

ညီညီ(သံလွင်)

No comments:

/* EOT ----------------------------------------- */