
အမေများသို့ 
(စစ်နိုင်မင်း)
အမေ... အမေ... အမေ...
ဝေးဝေးလံလံမျှော်ကာကြည့်
သားတွေသမီးတွေကို မွှေးဖွားခဲ့တဲ့အမေ
သားတွေသမီးတွေကို သိပ်ပြီးချစ်တဲ့အမေ
ကမ္ဘာမှာပြိုင်ဆံရှားအမေမေတ္တာတရား၊
အမေ... နဲ့ သား
ခရီးအတူသွား သားကိုကြည့်ရင်း
ရွှင်လန်းနေတဲ့အမေရဲ့မျက်နှာ
ညချမ်းမှာသာတဲ့လမင်းကြီးကတောင်
အရှံးပေးရတဲ့အမေရဲ့အပြုံး၊
သားကိုအခုအချိန်ထိ
ကျွေးမွေးပေးတဲ့အမေ
ထာဝရအမေရဲ့ရင်ခွင်ထဲမှာ
သားနှစ်ခြိုက်စွာအိပ်နေပါတယ်...အမေ။ ။
Saturday, May 10, 2008
Mother's Day (May, 11)
BFriday, May 9, 2008
Thursday, May 8, 2008
မြန်မာပြည်နှင့်ဆိုင်ကလုန်းနာဂစ်
B
မြန်မာပြည်လေဘေး ဘာလုပ်ခဲ့လဲ၊ ဘာလုပ်နေလဲ၊ ဘာလုပ်မှာလဲ
မောင်ရစ်
မေ ၇၊ ၂၀၀၈
နိဒါန်း
မိုးမခ အဖွဲ့သားတွေကို မေးလာကြတဲ့ မေးခွန်းတွေ၊ ကြားနေရတဲ့ အခြေအနေတွေကို အခြေခံပြီး ဒီစာကို အမြန်ရေးပေးပါတယ်။ လောလောဆယ် ကျနော်တို့အနေနဲ့ တတ်နိုင်တာက သတင်းပို့ဖို့၊ သတင်းမေးဖို့နဲ့ တတ်နိုင်တဲ့နေရာက အကူအညီပေးနိုင်ဖို့ပဲ ရှိတော့ အခု ဒါကို မှတ်တမ်းအဖြစ် ရေးပေးလိုက်ပါတယ်။
ဘာလုပ်ခဲ့လဲ
အစိုးရတွေက တိကျတဲ့ သတိပေးတာ၊ အကာအကွယ်ပေးတာ မလုပ်ခဲ့ပါ။ ပြင်ဆင်တာတွေ မလုပ်ခဲ့ပါ။ ကုလအဖွဲ့နဲ့ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကတော့ ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခု အဲဒီပြင်ဆင်ထားတာနဲ့ သူတို့က ပြည်တွင်းကို ကူဖို့ တော်တော် အဆင်ပြေပါတယ်။ တချို့တော့ မုန်တိုင်းဝင်မှာကို နီးစပ်ရာ အကြောင်းကြားကြပါတယ်။ လိုလိုမယ်မယ် စုထားတဲ့ ငွေကြေးတွေကိုလည်း အရေးပေါ်သုံးစွဲဖို့ မှာတာမျိုးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘာလုပ်နေလဲ (ပြည်ပ)
အခုတော့ အစိုးရအဆင့်မှာ၊ အဖွဲ့အစည်းအဆင့်တိုင်းမှာ အကူအညီတွေ ပေးဖို့ လုပ်နေပါပြီ။ အလှူတွေလည်း ခံနေပါပြီ။ အကူတွေကိုလည်း အစိုးရအဆင့်နဲ့ အဖွဲ့အစည်းအဆင့်က လေယာဉ်တွေ၊ သဘောင်္တွေ၊ ကားတွေ သုံးပြီး ပို့ပေးနေပါပြီ။ အဲဒီ အဖွဲ့အစည်းတွေကို လှူကြ၊ လုပ်အားသွားပေးကြတာတွေ လုပ်လို့ရပါတယ်။
နိုင်ငံခြားက မြန်မာတွေအနေနဲ့ မိမိ ပတ်ဝန်းကျင်အဆင့်မှာ နီးစပ်ရာ စုစည်းပြီး ဘာသာရေး၊ လူမှုရေးနဲ့ ပညာရေး နေရာဌာနတွေမှာ စုဝေးလို့ ဆုတောင်းပွဲ၊ အလှူငွေ စုပေါင်းကောက်ပွဲတွေ လုပ်လို့ရပါတယ်။ ကိုယ်က မစနိုင်ရင် သူများအလှူပွဲတွေကို ၀င်နွှဲလို့ရပါတယ်။ တူရာ သန်ရာ အဆက်အသွယ်တွေနဲ့ မြန်မာပြည်ကို ငွေကြေး၊ ဆေးဝါး၊ ပစ္စည်းတွေ ပို့လို့ရပါတယ်။ ပြီးရင် အများကို အကြောင်းကြားပြီး နှိုးဆော်လို့ရပါတယ်။ လက်ဆင့်ကမ်း ဆောင်ရွက်နိုင်ဖို့ပါ။
မြန်မာပြည်မှာ မိသားစု၊ မိတ်ဆွေ ကျန်ရစ်သေးသူများကတော့ သူတို့ကို ဆက်သွယ်ပြီး အဲဒီ ပတ်ဝန်းကျင်နဲ့ မိသားစုအသိုင်းအ၀ိုင်းကို တတ်နိုင်သလောက် အားပေး စောင့်ရှောက်လို့ရပါတယ်။ အဲဒီ ရပ်ကွက်ဒေသက ဘုန်းကြီးကျောင်း၊ ကျောင်း၊ ဆေးခန်းတွေကို အကူအညီပေးလို့ရပါတယ်။
မြန်မာပြည် အခုရင်ဆိုင်နေရတဲ့ ဘေးကို ၀ိုင်း ကူညီဖို့က နည်းတယ်၊ နောက်ကျတယ် ခုချိန်မှာ မေးနေစရာကို မလိုပါဘူး။ အဆင့်တိုင်း အဆင့်တိုင်းကနေ မည်သည့် အကူအညီမဆို လိုအပ်နေပြီ ဖြစ်ပါတယ်။ ပြီးတော့ ပြန်နိုင်တဲ့သူတွေက ခုကို ချက်ခြင်း ထပြီး ပြန်ကြပါ။ လည်ပတ်သွားရောက်ကြပါ။ နီးစပ်ရာက အကူတွေကိုလည်း လူကြုံသယ်သွားကြပါ။ သတင်းတွေ ပို့ပေးကြပါ။ နောင်ကို သွားကြဖို့ကိုလည်း အခုကတည်းက ပြင်ဆင်ထားကြပါ။
ပြည်တွင်းက လူသားချင်း ထောက်ထားပြီး တိုက်ရိုက်ကူညီနိုင်တဲ့ အစိုးရမဟုတ်တဲ့ အခြေခံအစုအဖွဲ့တွေကတော့ ကိုယ့် မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ နဂိုကတည်းက ဆောင်ရွက်နေတဲ့ သာရေး နာရေးအသင်းများ၊ စာသင်သားအများရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး အဖွဲ့များနဲ့ အတိုက်အခံနိုင်ငံရေး အဖွဲ့များလို့ ပိုင်ပိုင် ဆုံးဖြတ်ထားလိုက်ဖို့လိုပါတယ်။ ဒီအချိန်မှာ အစိုးရ အဆင့် အကူအညီပေးတာတွေကို တိုက်ရိုက်အားပေးရမှာ ခဲယဉ်းနေရင် ခုနင်က လူတွေ၊ အဖွဲ့တွေကို အားကိုးပြီး ကိုယ်ထူ ကိုယ်ထ တနိုင်တပိုင် ကိုယ့်အားကိုယ်ကိုး ကယ်ဆယ်ရေးတွေ ဆောင်ရွက်တာက ပိုပြီး ကိုယ့်စိတ်ကျေနပ်မှု ရနိုင်ပါတယ်။
ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နိုင်ပြီ ဆိုပြီးတော့လည်း ၀မ်းသာမနေပါနဲ့၊ အစိုးရအဆင့်၊ အဖွဲ့အစည်းအဆင့် ကူညီမှုတွေ ဆောင်ရွက်တာတွေက တကယ်ကို ထိရောက် မြန်ဆန်ပြီး ကျယ်ပြန့်လှပါတယ်။ ဒါကြောင့် အဲဒါကို ရေရှည် ဆောင်ရွက်နိုင်အောင် အခုကတည်းက ဖိအားပေး တိုက်တွန်း တောင်းဆိုတာတွေ လုပ်နေရပါမယ်။ တော်ကြာ - မြန်မာတွေက ကိုယ်ထူကိုယ်ထတွေ၊ ပြင်ပအကူအညီမလိုဘူး၊ အစိုးရတောင် ကူစရာမလိုဘူးဆိုပြီး တလွဲဆံပင်ကောင်းခံနေရအုံးမယ်။
ဘာလုပ်နေလဲ (ပြည်တွင်း)
ပြည်တွင်းကတော့ ကိုယ့်မိသားစု ကိုယ်လက်ဆွဲပြီး ဘေးလွတ်ရာမှာ ပြုပြင် ကုသ ဖေးမလို့ နေ နေရပြီ ဖြစ်ပါတယ်။ ပြည်တွင်းက သတင်းနဲ့ စာနယ်ဇင်းတွေက ဒီဘေးဒုက္ခကို ကျယ်ကျယ်ပြန့်ပြန့် မိသားစုအလိုက်၊ ရပ်ကွက်အလိုက်၊ ဘယ်လို ပြင်ဆင် ရင်ဆိုင်ကြမယ်ဆိုတဲ့ အရေးပေါ် ဆောင်ရန်၊ ရှောင်ရန်တွေ ထုတ်ဖော်ပြောဖို့ အလွန်လိုအပ်လှပါတယ်။
ဥပမာ - စဉ်းစားမိသလောက်
ရေကို ကြိုချက်သောက်ကြပါ
တကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပါ
အ၀ိစိရေကို တင်ပြီး သုံးစွဲပါ၊ ကန်ရေ ချောင်းရေ ဆည်မြောင်းရေကို သတိထားသုံးပါ
စားနပ်ရိက္ခာ ဆေးဝါးကို ချွေတာ စုဆောင်း မျှဝေပါ
ဆန်ပြုတ်၊ အသင့်ခေါက်ဆွဲနဲ့ ပူနွေးတဲ့ ချက်ပြုတ်စာများကို စားပါ
အမှိုက်တွေကို စနစ်တကျ စွန့်ပါ။ မီးရှို့ပြီး စွန့်ပစ်ရန်လိုလျင် မီးရှို့ပါ (မီးသတိပြု)
မီးမွှေးပါ။ နွေးထွေးအောင်နေပါ (မီးသတိပြု)
တိရစ္ဆာန် အသေများကို မီးရှို့ပါ။ မြေမြုတ်လျင် သက်ဆိုင်ရာကို မေးပါ
ရောဂါဘယကို စောင့်ကြည့်ပါ၊ မိသားစုကို ပြောပါ။ ပတ်ဝန်းကျင်ကို တိုင်ပင်ပါ
လမ်းအလိုက်၊ ရပ်ကွက်အလိုက် အစုအဖွဲ့များနဲ့ အကူအညီအဖွဲ့များ ဖွဲ့ပါ
မိသားစု ဆုံးရှုံးရသူတွေကို အရပ်က ၀ိုင်းစောင့်ရှောက်ပေးကြပါ။ သက်ဆိုင်ရာကို သတင်းပို့ပါ
အကူအညီ တောင်းကြပါ။ ကိုယ်ထူကိုယ်ထချည်း မနေပါနှင့်
သတင်းပို့ကြပါ။ ပြင်ပက လူတွေ သိအောင် သတင်းမေး၊ သတင်းပို့ကြပါ။ ဆက်သွယ်ကြပါ။
တတ်နိုင်တဲ့ မိသားစုတွေက မိမိ မိသားစုဝင်တွေကို မုန်တိုင်းလွတ်ရာနေရာများကို ယာယီခရီး ပို့ပေးထားပါ။
စတာတွေကို စဉ်းစားမိသလောက် တင်ပြပေးလိုက်ပါတယ်။ တကယ်တမ်း အတွေ့အကြုံရှိတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ၊ အဖွဲ့တွေရဲ့ လုပ်ငန်းစဉ်၊ ညွန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကိုလည်း အတုယူပြီး ၀ိုင်းဝန်း လုပ်အားပေး ဆောင်ရွက်လို့ ရနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ တယ်လီဖုံးတို့၊ ဆက်သွယ်ရေး စခန်းတို့၊ ဆေးရုံတို့၊ ရေပေးဝေရေး စခန်းတို့၊ ပြန်ကြားရေးဌာနတို့ဆိုတာက အစိုးရအဆင့်၊ အဖွဲ့အစည်းအဆင့် လုပ်မှာ ဖြစ်နိုင်တာတွေ ဖြစ်ပါတယ်။
ဘာလုပ်မှာလဲ
ကျနော်တို့ကတော့ ရပ်ကွက်၊ ကျေးရွာတွေရဲ့ သတင်းတွေ နားစွင့်ပြီး သတင်းပို့တာ၊ သတင်းမေးတာကို ဆက်လုပ်မှာပါပဲ။ အစိုးရ၊ အဖွဲ့အစည်း၊ မိသားစု အဆင့်ဆင့် အကူအညီပေး ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာလည်း တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယူစရာ သင်ခန်းစာတွေက အများကြီး၊ လုပ်စရာ အလုပ်တွေကလည်း အများကြီး၊ ကြုံကြရမယ့် မိတ်ဟောင်း မိတ်သစ်တွေက အများကြီးဆိုတော့ ကျနော်တို့တိုင်းပြည်ကြီး မုန်တိုင်းအလွန် အပျက်အစီးပုံအောက်က ကြုံးရုန်း ထပြီး ထူထူ ထောင်ထောင် ဖြစ်လာဖို့ ပြီးတော့ တဆက်တည်း လွတ်လပ်ပွင့်လင်းတဲ့ လူဘောင်သစ်ကြီးအဖြစ် ဆက်လက် ချီတက်နိုင်ဖို့ ၀ိုင်းလက်ကမ်းနေကြတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့အတူ လက်တွဲ ပူးပေါင်း ထမ်းဆောင်ကြပါစို့လို့။
Wednesday, May 7, 2008
Tuesday, May 6, 2008
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်
B
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်
ကျွန်တော်တို့ မြန်မာပြည်ဟာ လွတ်လပ်ရေး ရပြီးတာသာ ကြာခဲ့တာ။ ၀ဲစွဲသလို ဒါမှမဟုတ် ခွေးအမဲဆွဲသလို အာဏာကို မလွတ်တမ်း ကိုက်ခဲထားတဲ့ စစ်အာဏာရှင် တစ်စုကြောင့် ခုအချိန်ထိ လူလား မမြောက်သေးပါဘူး။ မီးပုံမှန် မလာ၊ မီးမလာတော့ ရေ မှန်မှန် မရ၊ လမ်းပန်းဆက်သွယ်ရေးက ညံ့ဖျင်း၊ တယ်လီဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးစနစ်တွေက နှေးကွေးတဲ့ အခါ နှေးကွေး ပြတ်တောက်ချင်တဲ့အခါ ပြတ်တောက်နဲ့ အာဏာရှင်အောက်က မြန်မာပြည်သူတွေခမျာ စားကောင်းခြင်း မစားရ အိပ်ကောင်းခြင်း မအိပ်ရ၊ ယုတ်စွအဆုံး အလုပ်တောင် ကောင်းကောင်း မလုပ်နိုင်အောင် ဖြစ်ရပါတယ်။ ဒီလောက် တိုင်းပြည်စုတ်ပြတ်သတ်နေတာတောင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ချီတက်နေပါတယ်ဆိုပြီး အရှက်မရှိ လုပ်နေသေးတယ်။ ဒီပုံစံအတိုင်း သွားနေလို့လဲ ဗိုလ်ချုပ်အောင်ဆန်း တချိန်က ပြောခဲ့တဲ့ -ာနိုင်ငံ ဖြစ်နေရုံမက တရုတ်၊ အိန္ဒိယ၊ ရုရှနဲ့ အာဆီယံတို့ဆီ လှည့်ပတ်တောင်းစား နေရတဲ့ သူတောင်းစားနိုင်ငံကြီး ဖြစ်နေပါပြီ။
စုတ်ချာလှတဲ့ မြန်မာပြည်ကိုမှ နာဂျစ်ဆိုတဲ့ ဆိုင်ကလုန်းကလည်း မထောက်မညှာ ၀င်မွှေပါတော့တယ်။ တချို့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ သံဃာတွေကို ရိုက်လားနှက်လား သတ်လားဖြတ်လားလုပ်လို့ ဘုရားရိုက်တာပါတဲ့။ မြန်မာပြည် ကပ်ဆိုက်နေပြီတဲ့။ ဟုတ်ကဲ့.. ကျွန်တော် မြင်တာတော့ အစိုးရဟာ အစိုးရ ပီပြင်အောင် မလုပ်တဲ့အတွက် ကြားက ပြည်သူတွေက ဓားစာခံဖြစ်ရတာပါ။ နာဂျစ်ဆိုင်ကလုန်း မြန်မာပြည် ၀င်မယ်ဆိုတာ ကြိုသိပါလျက်နဲ့ ထိရောက်တဲ့ သတိပေးချက်တွေ၊ ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးခဲ့ဘူး။ အစိုးရပိုင် ရေဒီယို၊ သတင်းမီဒီယာတွေကနေ ကြိုအသိပေးခဲ့တယ် ဆိုရင်တောင် ဒီ အရေမရ အဖတ်မရ အစိုးမရတဲ့ အစိုးရမီဒီယာတွေကို ပြည်သူတွေက ဘယ်လောက်များ ယုံကြည်မှု ရှိလို့လဲ။ ကျပ်တည်းလှတဲ့ အခြေအနေတွေအောက်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ ဆိုင်ကလုန်း ၀င်မယ့်သတင်းကိုတောင် အတော်များများက ကြိုပြီး မသိကြဘူး။ လူထုဆီ ရောက်အောင် သတင်းပေးပို့နိုင်ဖို့ အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဆိုင်ကလုန်းဝင်မယ်ဆိုတဲ့ သတင်းကို ကြိုသိသူတွေကလည်း ဘယ်လောက်အထိ ပြင်းနိုင်တယ်။ ဘယ်နေရာတွေကို ၀င်နိုင်တယ်။ ဘယ်လို ကာကွယ်ရမယ်။ ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ မရခဲ့ကြဘူး။ မဲရုံဆီသွားကြစို့ .. ထောက်ခံမဲပေးကြစို့ ဆိုတာတွေကိုပဲ တီဗီ၊ ရေဒီယိုကနေ ဆက်တိုက်လွှင့်နေခဲ့တယ်။ ထောက်ခံမဲပေးကြဖို့ တိုက်တွန်းတဲ့ ပိုစတာကြီးတွေ ဆိုင်းဘုတ်ကြီးတွေချည်းပဲ အားအားယားယား ဖွင့်ပွဲလုပ်နေတယ်။ ၀င်လာမယ့် ဆိုင်ကလုန်းမုန်တိုင်းကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့ ရလဒ်ကတော့ လူတွေ ရာပေါင်းများစွာ သေကြေခဲ့ရပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးခဲ့ရတာပါပဲ။
မေလ ၂ရက် သောကြာနေ့ညမှာ ရန်ကုန်ကို ဆိုင်ကလုန်းဝင်မွှေသွားလိုက်တာ ရန်ကုန်တမြို့လုံး စစ်မြေတလင်းလို စုတ်ပြတ်သတ်သွားတယ်လို့ ဆိုသူက ဆိုပါတယ်။ တိုက်ခေါင်မိုးက သွပ်ပြားတွေ လန်လို လန်၊ တိုက်ခေါင်မိုးက အင်တင်နာတွေ စလောင်းတွေ ပျက်စီး၊ သစ်ပင်ကြီးတွေ အမြစ်ကနေ ပြုတ်ထွက်လို ပြုတ်ထွက်၊ လမ်းဓာတ်မီးတိုင်တွေ လဲပြိုလို လဲပြိုနဲ့ အားလုံး ရစရာ မရှိအောင် ဖြစ်သွားပါတယ်။ တစ်နာရီကို မိုင် ၁၂၀ကနေ ၁၅၀ ကြား (ကီလိုမီတာ ၂၀၀ နီးပါး) နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေပြင်းရဲ့ ဒဏ်ဟာ ဘယ်လောက် ပြင်းသလဲ ဆိုတာ တွေးကြည့်ရင်တောင် အတော် လန့်ဖို့ ကောင်းပါတယ်။ သူငယ်ချင်း မောင်းတဲ့ ဆိုင်ကယ်ကို အနောက်က လိုက်စီးတော့ တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းလောက် မောင်းရင်တောင် အဝေးပြေးလမ်းမမှာ လေတိုးလွန်းလို့ ဘယ်အချိန်များ လဲကျသွားမလဲလို့ စိုးရိမ်မိတာ အခါခါပါ။ အခု တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းကတော့ အဲဒီ နှစ်ဆနီးပါး အမြန်နှုန်းနဲ့ ၀င်မွှေသွားတာဆိုတော့ မှန်းကြည့်လို့ ရပါတယ်။ ရန်ကုန်မြို့ထဲက အပျက်အစီးဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ရတော့ ခိုင်ခိုင်ခံ့ခံ့တိုက်တွေနဲ့ မဟုတ်ဘဲ ထနိမိုး ၀ါးကပ်ကာ တဲကလေးတွေမှာ နေထိုင်ရသူတွေဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ သနားဖို့လည်း ကောင်းပါတယ်။ ဒေါသဖြစ်ဖို့လည်း ကောင်းပါတယ်။ သနားဖို့ ကောင်းတာ ပြည်သူတွေ ဖြစ်ပြီး ဒေါသဖြစ်ဖို့ ကောင်းတာက အစိုးရပါ။ ကြိုသိရဲ့သားနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် မနေမနား တာဝန်ထမ်းဆောင်နေပါတယ်ဆိုတဲ့ ရယကတွေ၊ ကြံ့ဖွတ်တွေ ဦးစီးပြီး မလုပ်ဘဲ ဘယ်ချောင်မှာ သဝေထိုးပြီး မေလ ၁၀ရက်နေ့ လူထုဆန္ဒပေးပွဲမှာ လူတွေကို ဘယ်လို လိမ်ရမလဲ၊ ခြိမ်းခြောက်ရမလဲ တိုင်ပင်နေသလား မပြောတတ်ပါ။ ဥာဏ်ကြီးရှင်တွေရဲ့ ညွှန်ကြားချက်အတိုင်း မုန်တိုင်းဒဏ်ကို ၀ါးရင်းတုတ်ကိုင်ပြီး ကာကွယ်ဖို့ အတွက် သင်တန်းတက်ချင် တက်နေပါလိမ့်မယ်။
မုန်တိုင်းရဲ့ နောက်ဆက်တွဲအနေနဲ့ နဂိုကတည်းက ဘယ်တော့မှ မဆင်းတဲ့ ကုန်ဈေးနှုန်းတွေလည်း အဆမတန် တက်ကုန်ပါတယ်။ တမြို့လုံး မီးမလာတော့ပါဘူး။ မီးမလာလို့ ရေမတင်နိုင်တဲ့အတွက် ရေလည်း ပြတ်နေပါပြီ။ ရေသန့်လည်း လုံလုံလောက်လောက် ၀ယ်လို့ မရတော့တဲ့အတွက် ရေကို ဖြစ်သလို သောက်ရတဲ့အခါ ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အလားအလာ သိပ်များပါတယ်။ အတော်များများသော ဖုန်းလိုင်းတွေဟာ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ ပါဘူး။ ဖုန်းမရမှတော့ အင်တာနက်ကတော့ ပြောစရာမလိုအောင် ပြတ်တောက် နေခဲ့ပါပြီ။ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကျွန်တော့်မိဘများ နေထိုင်ရာ ရန်ကုန်ကို ဖုန်းခေါ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ရာမှာ စနေနေ့ နေ့လည်က တစ်ကြိမ်၊ တနင်္ဂနွေနေ့ ညမှာ တစ်ကြိမ် နှစ်ကြိမ်သာ ခေါ်လို့ ရခဲ့ပါတယ်။ အသက်ခြောက်ဆယ်ကျော်ပြီဖြစ်တဲ့ ကျွန်တော့် မိဘတွေကတော့ သူတို့ တစ်သက်မှာ ဒီလောက် ပြင်းတဲ့ မုန်တိုင်းမျိုး တခါမှ မကြုံဖူးခဲ့ပါဘူးလို့ ဆိုပါတယ်။ စနေနေ့က ဖုန်းရတော့ အိမ်ထဲ ၀င်နေတဲ့ ရေတွေကို ခပ်ထုတ်နေရတယ်လို့ ပြောပါတယ်။ ကျွန်တော် ရန်ကုန်ပြန်တဲ့အခါ အိပ်နေကျ ကျွန်တော့်အခန်းက မှန်တစ်ချပ် တိုက်အောက်ကို ပြုတ်ကျသွားတယ်လို့ ဆိုပါတယ်။ ကျွန်တော့် အစ်ကို နေထိုင်တဲ့ ၄၅လမ်းက တိုက်မှာတော့ အမိုး သွပ်ပြားတချို့ လန်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော့် အဒေါ်မိသားစု နေထိုင်တဲ့ ရန်ကင်းကျောက်ကုန်းက အိမ်ကိုတော့ သစ်ပင်တစ်ပင် လဲကျလာတယ်လို့ သိရပေမယ့် သူတို့မိသားစုကတော့ ဘေးရန်ကင်းပါတယ်တဲ့။ တနင်္ဂနွေနေ့က ဖုန်းရတဲ့အခါမှာတော့ ဓာတ်ဆီဈေးတွေ ကုန်ဈေးနှုန်းတွေ တက်နေပြီဆိုတဲ့ အကြောင်း၊ ရန်ကင်းကနေ မြို့ထဲက ကျွန်တော်တို့အိမ်ကို တက်စ်စီ ၅ ယောက် စုပြီး ဌားလာတဲ့ ကားဒရိုင်ဘာက အားလုံး စုစုပေါင်း ၈၅၀၀ ကျပ် ပေးရတယ်ဆိုတဲ့ အကြောင်း၊ မြို့ပြင်ကနေ လာမယ်ဆိုရင် ကားခ သုံးသောင်းခွဲလောက် ပေးနေရတယ် ဆိုတဲ့ အကြောင်း၊ ဘဲဥ၊ ကြက်ဥ တစ်လုံး ၃၀၀၊ ၄၀၀ ပေးနေရကြောင်း၊ မုန်တိုင်း လာမယ် ကြားကတည်းက ဆန်ဝယ်ထားပြီး ဖြစ်ကြောင်း၊ အိမ်နားက City Mart ဖွင့်နေသေးတာကြောင့် ဈေးတော့ ၀ယ်လို့ ရနေသေးကြောင်း၊ အိမ်နားက ခရစ်ယာန်ဘုရှားရှိခိုးကျောင်းရဲ့ အမိုးတွေ လန်သွားကြောင်း၊ ဒဂုံ (၁)က အမိုးတွေ အတော်များများ လန်ကုန်ကြောင်း၊ ဗြိတိသျှသံအမတ်ကြီးရဲ့ အိမ်က အုတ်တံတိုင်းကြီး ပြိုကျသွားကြောင်း စသဖြင့် မိနစ် ၂၀ လောက် ပြောတာတွေကို နားထောင်ရင်း ရင်မောရပါတယ်။ မြို့ထဲမှာတောင် ဒီလောက်ဖြစ်နေရင် ဆင်ခြေဖုံးမှာ နေတဲ့သူတွေ အတွက် ရင်လေးမိပါတယ်။
စစ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာကတော့ ဒီကနေ့ထိ မုန်တိုင်းကြောင့် သေဆုံးသူ ၃၅၀ ကျော် ရှိပါပြီ။ ဘယ်တော့မှ စာရင်းအမှန်ထုတ်လေ့မရှိတဲ့ အစိုးရရဲ့ တရားဝင်စာရင်းတောင် ဒီလောက်များနေရင် စာရင်းပျောက် အင်းပျောက်နဲ့ မုန်တိုင်းအောက်မှာ အသက်ပျောက်ခဲ့ရသူတွေ နည်းမှာ မဟုတ်ပါဘူး။ ဒါတောင် UN က အကူအညီတောင်းဖို့ ကမ်းလှမ်းတာကို အခုထိ အင်တင်တင်လုပ်နေပါသေးတယ်။ ကိုယ့်တိုင်းပြည် ဒုက္ခရောက်နေချိန်မှာ အကူအညီပေးမယ်ဆိုတာကို လက်မခံနိုင်သေးဘဲ တင်းခံနေရလောက်အောင်အထိ စစ်အစိုးရဟာ ခေါင်းမာမှု ကမ်းကုန်ပါတယ်။ ပြည်သူတွေ ဖြစ်ချင်တာဖြစ် လုပ်စရာရှိတာ ဆက်လုပ်မှာပဲ ဆိုတဲ့ သဘောနဲ့ မေလ ၁၀ ရက်မှာ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲကိုလည်း ခုအချိန်ထိ ရွှေ့ဆိုင်းမယ့် အလားအလာ ဘာမှ မပြသေးပါဘူး။ ကြက်ခြေနီအဖွဲ့တွေကတော့ တနင်္ဂနွေနေ့မှာ စပြီး ကူညီနိုင်ခွင့် ရခဲ့တယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ စစ်အစိုးရ သိပ်ချစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံ ညီအစ်ကို ထိုင်း၊ စင်္ကာပူတို့ကတော့ အိမ်နီးချင်းကောင်း ပီသစွာ ရေငုံနှုတ်ပိတ်နေပါတယ်။ ဒုက္ခရောက်တဲ့ အချိန်မှာ ဘယ်သူ မိတ်ဆွေ ဘယ်သူ ရန်သူဆိုတာ သိသာတယ်ဆိုတဲ့ စကားက သွေးထွက်အောင် မှန်ပါတယ်။ နိုင်ငံတကာ အကူအညီယူရတော့မယ်ဆိုတော့ သတင်းစာကနေ ထုံးစံအတိုင်း ကလော်တုတ်ဖို့ အခွင့်သာမှာ မဟုတ်တော့ဘူးလေ။ ဒီလိုနဲ့ ခေါင်းမာတဲ့ အစိုးရရဲ့ တွေဝေဆုတ်ဆိုင်းမှုအောက်မှာ မြန်မာပြည်သူတွေ နစ်မွန်းနေရတော့တာ ပါပဲ။ တကယ့်ကို စိတ်ပျက်မိတယ်။ ကိုယ်တိုင်လည်း အလှူငွေ ပေးပို့ ပေးရုံက လွဲရင် ဘာမှ လုပ်မပေးနိုင်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်တဲ့အချိန်မျိုးရောက်တိုင်း အခြေအနေအရပ်ရပ်ကြောင့် လူငယ်ဘ၀ကတည်းက စင်္ကာပူမှာ လာပြီး ကျောင်းတက် အလုပ်လုပ်နေရတဲ့ ကိုယ့်ဘ၀ကို ကိုယ် စိတ်ပျက်မိသလို အားမလို အားမရလည်း ဖြစ်မိပါတယ်။ စင်္ကာပူ၊ အမေရိကန် နှင့် အင်္ဂလန်တို့မှာတော့ ပြည်ပရောက်မြန်မာတွေကနေ ပြည်တွင်းက မုန်တိုင်းဘေးမိတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ အတွက် ရန်ပုံငွေတွေ စတင် ကောက်ခံနေပါပြီ။ စင်္ကာပူမှာတော့ အိုဘီပီကနေ တဆင့် မနေ့ကစပြီး ကောက်ခံနေပြီလို့ သိရပါတယ်။
နူရာဝဲစွဲသလို ဒုက္ခရောက်နေတဲ့ပြည်သူတွေကို မညှာမတာ ဂုတ်သွေးစုပ်တတ်တဲ့ စစ်အာဏာရှင် ရန်ဘေးကလည်း အမြန်ဆုံး ကင်းဝေးကြပါစေ။
တိုင်းပြည်က နုနု .. မုန်တိုင်းက ထန်ထန်အောက်မှာ မြန်မာပြည်သူတွေ ကျရောက်နေတဲ့ ဘေးအသွယ်သွယ်က အမြန်ဆုံး ကင်းဝေးကြပါစေ။
ညီညီ(သံလွင်)
မှတ်ချက်။ ။ဒီပို့စ်အတွက် သင့်တော်မယ်ထင်တဲ့အတွက် စာရေးဆရာ မြတ်ထန် ရေးပြီး ယခင်က ထုတ်ဝေခဲ့တဲ့ "တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်" စာအုပ်အမည်ကို ခေါင်းစဉ်အဖြစ် ယူထားပါတယ်။
မင်းဆိုးအုပ်ချုပ်တဲ့နိုင်ငံ
B
မင်းဆိုးအုပ်ချုပ်တဲ့နိုင်ငံ
(စစ်နိုင်မင်း)
မင်ဆိုးအုပ်ချုပ်တဲ့နိုင်ငံ...
တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေ
ကိုယ့်ကိုယ်ကို မင်းပါဆိုတဲ့သူ
ဘုရင်ရူးရူးပြီး ဘုရင်ဖြစ်ချင်တဲ့သူ
မင်းကျင့်တရားတွေနဲ့ ညီပါရဲ့လား၊
မင်းဆိုးအုပ်ချုပ်တဲ့နိုင်ငံ...
မင်းကျင့်ဝတ်နဲ့ ညီအောင်မအုပ်ချုပ်ရင်
တိုင်းပြည်ပျက်သတဲ့၊
မင်းဆိုးအုပ်ချုပ်တဲ့နိုင်ငံ...
သာသနာကို ဖျက်
နိုင်ငံကို ဖျက်
အမြတ်ထုတ်ပြီး
နေပြည်တော်ကိုဆောက်သတဲ့။
(အခုလို ပြည်သူလုထုတွေ မုန်တိုင်းဒဏ်သင့်လို့ ဒုက္ခရောက်တော့ ဘုန်းကြီးကျောင်းတွေမှာ၊ စာသင်ကျောင်းတွေမှာ သွားပြီးနေရတယ်လို့ သိရပါတယ်။ အဲ့ဒီတော့ အခုပြည်သူကိုချစ်ပါတယ်ဆိုတဲ့ စစ်အစိုးရ ဆောက်နေတဲ့ နေပြည်တော်မှာ ပြည်သူတွေကို ဘာဖြစ်လို့ နေပြည်တော်မှာခေါ်မထားတာလဲ။)
မင်းဆိုးအုပ်ချုပ်တဲ့နိုင်ငံ...
ဘုန်းဘုန်းတွေ တိုင်ပြည်အေးချမ်းအောင်
ဘုရားစာတွေဆိုတော့
စစ်တပ်က
ချက်ချင်းရောက်လို့ လာ
ဘုန်းဘုန်းတွေကို ရိုက်တာနှက်တာ
သူတို့ တွေဟာ ဒိဋ္ဌိတွေလား၊
အခုများတော့
ပြည်သူတွေမှာ ဒုက္ခရောက်တဲ့အခါ
ချက်ချင်းရောက်မလာ
ဒီအတိုင်းကြည့်နေရက်လိုက်တာ။ ။
Monday, May 5, 2008
လူထုဆန္ဒခံယူပွဲအတွက်ကဗျာ
B
ကြေးနန်း
(အောင်ဝေး)
ဒါဒါ-ဒစ်ဒစ်-ဒါဒါ-
‘‘မာလာ ပုလဲပြီးရင်
မာလာ ကမာလာမယ်’’
ဒါဒါ-ဒစ်ဒစ်-ဒါဒါ-
‘‘မပ ပြီးရင်
မက ပေါ့’’
ဒါဒါ-ဒစ်ဒစ်-ဒါဒါ-
‘‘ဟုတ်တယ်-ဟုတ်တယ်’’
မဲပေးပြီးရင်
မိုင်းကွဲမယ်
ဒါပဲ-ဒါပဲ။
(မေ ၁၀ တော်လှန်ရေးသို့ )
Sunday, May 4, 2008
တင်မိုးနှင့်သူ၏ Poetry Politics (3)
B
သမိုင်းမှာမင်း တရားခံဖြစ်မယ်
(တင်မိုး)
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊
တရားဆိုတာ
ညှာလဲ မညှာ၊ ညာလဲ မညာ
သာဟေ နာစေမရှိ
ပကတိ သူ့ သဘောသူဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။
မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။
(၂၀၀၀)
Saturday, May 3, 2008
DAY 1. Will Ferrell
Day 1 Video ကြည့်ရန် အာဇာနည်ခန်းမသို့ ကြွပါ။ အာဇာနည်ခန်းမသို့ ဝင်ခွင့်လက်မှတ်ယူရန်
ီDAY 2. Jennifer Aniston
တင်မိုးနှင့်သူ၏ Poetry Politics (2)
B
အိမ်လည်ကြူးတဲ့သား
(တင်မိုး)
ကာရန်ချိုမြ၊ သွေးစစွန်းနေတယ်
တယောကြိုးလည်း၊ တီးတိုးငိုကြွေးတယ်
ဂစ်တာတလက်၊ အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။
အမေ့အိမ်န်ား၊ ဒီညများမှာ
စစ်သားဖိနပ်၊ တခွပ်ခွပ်နဲ့ 
ရပ်လို့ စောင့်နေတယ်။
အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျားမိနေရော့သလား။
အမေ့နားမှာ
‘သား’ခေါ်သံများ၊ တိုးတိုးကြားလျင်
နားကိုလှည့်စား၊ ဒီညများ
ဘယ်သွားနေလဲလူလေးရယ်။
သားတို့ ကျောင်းက
ခွပ်ဒေါင်းလံကလေး
ရေမြောင်းဘေးမှာ
သွေးတွေစွန်းလျှက်၊ ညနေဘက်က
ရပ်ကွက်ထဲကလူတွေတွေ့ ခဲ့သတဲ့။ ။
(၁၉၈၈)
တင်မိုးနှင့်သူ၏ Poetry Politics (1)
B
ကန္တာရနှစ်များ
(တင်မိုး)
ရှိုက်သံ
ဆံဖြူတချေင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော။
ဤနှစ်များ
ပျားတို့ သည် မချို
မှိုတို့ သည် မပေါက်
ယာတို့ သည် ခြောက်ကုန်ဧ။်။
မြူတွေက ဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့်ခါ
မိုးမရွာသည်
ရွာပါသော်လဲ၊ မိုးမသဲ။
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံ မကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံ နတ္တိ
ကပ္ပိယအို၊ ခေါင်းတုံးတိုသာ
တိုင်ကြို တိုင်ကြား လဲလျက်။
မြေကြီးလဲ
မသီးဝံ့ဝံ့၊ အသီးဆွံ့ ၍
ရှက်ရွံ့ အားနာသောမျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏။
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါချိုမည်နည်း။ ။
(၁၉၇၆)
Thursday, May 1, 2008
သတ္တိရှိရှိ ကန့် ကွက်မဲပေးလိုက်ကြစို့ 
B
စစ်အာဏာရှင်များအားဖြုတ်ချကြစို့  နောင်လားနောင်သားကောင်းစားဖို့ 
မှန်ကန်တဲ့ဒီမိုကရေစီရရှိဖို့  ကန့် ကွက်မေးပေးကြစို့ 
ကယ်လီဖိုးနီးယားက ကဗျာ
B
မနက်ဖြန်
(မောင်အေးဝင်း-လမင်းတရာ)
ဥယျာဉ်လှပ၊ သာမောစွာကို
ဖျက်ဖြိုဝှေ့ ယမ်း ၊ ကြမ်းတမ်းရိုင်းစိုင်း
မုန်တိုင်းထန်သည်။
ပန်းတွေပန်းတွေ၊ မြေမှာကြွေဧ။်
လေရိုင်းမိုးရိုင်း၊ သည်မုန်တိုင်းမှာ
ကိုင်းကျိုးပင်လဲ၊ ဖွာရာကြဲ၍
ဝမ်းနည်းသူတို့ ငိုကြသည်။
ငါကမူ...
ယူကျုံမရ၊ တဖွဖွတမ်း
ဝမ်းပန်းမနည်း၊ ရိုးကြဲငုတ်တို
ရွက်နုစိုလျက်၊ ကိုင်းသစ်ထွက်မည်
ပန်းနီနီရင့်၊ ထပ်၍ပွင့်မည်
ငါယုံသည်။ ။
(စွယ်တော်ရိပ်သို့ အလွမ်းပြေစာအုပ်မှ)
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေ





















Please use your liberty to promote ours.
