
ကလေးများ
(စစ်နိုင်မင်း)
ကလေးများအတွက် အနာဂတ်မဲ့စွာ
ဘဝကိုဆက်လက်ဘယ်လိုများသွားရမလဲ
ကလေးများရဲ့ဘဝဟာ အမိမဲ့စွာ အဖ်ာမဲ့စွာ
မနက်ဖြန်အတွက်ဘယ်လိုများဆက်လျှောက်မလဲ။
အနာဂတ်မရှိသေးတဲ့ကလေးများ
ဒီဘဝအတွက်အစားထိုးမရတဲ့ အမိမဲ့နေ
နောင်ဘဝတွေ ဒီလိုမကြုံရပါစေနဲ့ ။
ပျံနေတဲ့ငှက်ကလေးကို အတုယူပြီး
ပြုံးရွှင်စွာနဲ့ ဘဝကို ဇွဲမလျှော့ဘဲ ဆက်လက်လျှောက်
သင်အတွက်အမြဲတမ်းလန်းဆန်းစွာ
သင်ရဲ့ဒီဘဝကိုဆက်လျှောက်နိုင်ပါစေ။
ကမ္ဘာမြေကြီးပေါ်မှာ မကြောက်မရွံ
ဆက်လျှေက်သာလျှောက်။ ။
Wednesday, May 14, 2008
ကလေးများ
Bနယူးယောက်ကရေးတဲ့စာ
B
ရန်သူမျိုးငါးပါး၊ ဒို့အရေးလေးပါး၊ ကပ်သုံးပါး
(မောင်စွမ်းရည် )
ရန်သူမျိုးငါးပါးဆိုတာ ရေဘေး၊ မီးဘေး၊ မင်းဆိုးဘေး၊ သူခိုးဓားပြဘေးနဲ့၊ ကိုယ့်ကိုမုန်းတဲ့သူရဲ့ ဘေးဆိုတာ ဗမာတိုင်းသိတယ်။ ကပ်သုံးပါးဆိုတာ အသက်ဘေး၊ အငတ်ဘေးနဲ့ ရောဂါဘေး တို့ပါပဲ။ သတ္တန္တရကပ်။ ဒုဗ္ဘိခန္တရကပ်၊ ရောဂန္တရကပ် လို့ ပါဠိလိုပဲ ခေါ်လေ့ရှိပါတယ်။ ဒီလို ဘေးရန် တွေနဲ့ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဗမာတွေ ဆုတောင်းလေ့ရှိကြပါတယ်။
သာသနာ့ဥသျှောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးဖြစ်တဲ့ ပီနန်ဆရာတော် ကြီးနဲ့ ထိုင်ဝမ်ဆရာတော်ကြီးတို့က ၂၀၀၈ မေ (၁၀) ရက်၊ စနေနေ့ညနေမှာ နယူးယော့ခ် ဗုဒ္ဓဘာသာ ဗမာပြည်ဖွား ဒကာဒကာမများကို တရားချီးမြှင့်တော်မူကြပါတယ်။ ဗမာပြည်ရဲ့ လေဘေး၊ ရေဘေးဒုက္ခသည်တွေကို ၀ိုင်းဝန်းကူညီကြဖို့ပါပဲ။ ပီနန်ဆရာတော်ကြီးကတော့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ကမောက်မက ဖြစ်နေခဲ့တာ ခုအခါ နှစ်ပေါင်း (၄၀) ကျော် (၅၀) ကြာကာလအတွင်း ခေတ်သစ်ကပ်ကြီး (၃) ပါး ဆိုက်နေပြီ။ ဒါတွေဟာ မင်းကျင့်တရား(၁၀) ပါးနဲ့လည်းမညီ၊ အပရိဟာနိယ တရား (၇) ပါးခေါ် တိုင်းပြည် မဆုတ်ယုတ်ကြောင်းတရား (၇) ပါးနဲ့လည်းမညီ အုပ်ချုပ်နေကြလို့ ဖြစ်ရတာလို့ ထောက်ပြ ဟောပြောပါတယ်။ ခုတော့ ပိုဆိုးသည်ထက် ဆိုးလာပါပြီ။
မကြာခင်ကဘဲ သံဃာတော်တွေကိုတောင် မြို့ပြလမ်းလယ်ခေါင်မှာ စစ်သားတွေက ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်ရုံမက ဘုန်းကြီးကျောင်းတွေအထိ လိုက်လံ လုယက် နှင်ထုတ်တာတွေ လုပ်ခဲ့လို့ သံဃာတော်တွေက သပိတ်မှောက် ကံဆောင်ပြီး သာရေး နာရေး မဆက်ဆံ၊ အလှူ အတန်း လက်မခံဘဲ ကျဉ်ခဲ့ကြပါတယ်။ ခုအခါတော့ ဗမာပြည်မှာ ဆိုင်ကလုန်းလေမုန်တိုင်း ကျရောက်ပြီး လူတွေ သောင်းသိန်းချီ သေကျေဒဏ်ရာ ရခဲ့ကြတဲ့အပြင် သောင်းသိန်းချီပြီး ပျောက်ဆုံးနေကြတာလည်း သေသည် ရှင်သည် မသိရသေးဘဲ ဖြစ်နေဆဲပါ။ သေသူများကို
လည်း သရဏဂုံမတင်ဘဲ မြှုပ်လိုက်ကြရတာတွေ ရှိပါတယ်။
သေတဲ့လူတွေ သေကြပြီး မသေဘဲ ကျန်သူတွေက မြစ်ဝကျွန်းပေါ် တခုလုံး အနှံ့အပြားမှာ အိုးမဲ့အိမ်မဲ့၊ စားရမဲ့ သောက်ရမဲ့နဲ့ ကယ်ပါ ယူပါ ဖြစ်နေကြပါတယ်။ မုန်တိုင်းစဲစ ပင်လယ်ပြင်မှာ မသေဘဲ ပျဉ်တိုပျဉ်စတွေနဲ့ ကူးခတ်နေသူတွေလည်း ရှိနိုင်ပါသေးတယ်။ ရေပေါ်မှာ မျောနေတဲ့ အလောင်းတွေလည်း ရှိပါသေးတယ်။ တာဝန်ရှိတဲ့ စစ်အစိုးရက ဘာမှ မလုပ်နိုင်ပါဘူး။ မသေဘဲ ကျန်သူတွေကိုလည်း သေအောင်စောင့်၊ သေသူတွေကိုလည်း ပုပ်အောင် စောင့်နေသလို ဖြစ်နေ ပါတယ်။
သဘာဝ ဘေးအန္တရာယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ ပြည်ပက စေတနာရှင်တွေက လေယာဉ်၊ ရေယာဉ်တွေနဲ့ ကယ်ပါရစေ၊ အစာရေစာနဲ့ ဆေးဝါးတွေ လာပေးပါရစေ ဆိုတာကိုတောင် စစ်ဗိုလ်ချုပ်တွေက လာခွင့်မပြုသေးပါဘူး။ ကူညီချင်သူ အမျိုးသမီးတချို့ကဆိုရင် ဗီဇာမရလို့ မျက်ရည်ကျကြရပါတယ်။ ကုလသမဂ္ဂကိုတောင် အကူအညီ လာတာ လက်မခံပါဘူး။ လက်ခံ သမျှကိုလည်း စစ်တပ်က ပစ္စည်းတွေပဲ သိမ်းယူလိုက်ပါတယ်။ ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေ ရှိပါတယ်ပေါ့။ အဲ- အဲဒီလူတွေက ဒုက္ခသည်တွေလက်ကို တကယ်ပေးပါသလား။ အလှူရှင်က သဟတ္တိဒါနအဖြစ် ကိုယ်ထိလက်ရောက် လှူချင်တာပါ။ ကြံ့ဖွံ့တွေက နောက်ဖေးပေါက်က ရောင်းထုတ်ပါသတဲ့။ ခုလည်း ဈေးတွေထဲ သွားကြည့်ပါ။
လယ်ယာတွေလည်း ပျက်၊ ကျွဲနွားတွေလည်းဆုံး၊ လယ်သမားတွေလည်း ဆုံးခဲ့ပြီဆိုတော့ စပါးမစိုက်နိုင်ရင် ဗမာတနိုင်ငံလုံး ဗိုလ်ချုပ်တွေကလွဲလို့ အားလုံးငတ်ကြရမှာပါ။ အငတ် ဘေးရဲ့နောက်ကကပ်ပြီး လုယက်သတ်ဖြတ်တာတွေနဲ့ ရောဂါဘယတွေလည်း မုချ ဖ၀ါးခြေထပ် ပါလာမှာပါ။ ဒါကို စစ်အစိုးရ တဦးတည်းလည်း မကယ်နိုင်ပါဘူး၊ ကယ်ချင်စိတ်လည်း မရှိပါဘူး။ မဆလ စစ်အစိုးရ လက်ထက်တုန်းက ပုသိမ်လေဘေးနဲ့ ရခိုင်လေဘေး ဒုက္ခသည်တွေအတွက် နိုင်ငံတကာက ပို့တဲ့ သက္ကလပ်စောင်တွေနဲ့ ရွက်ဖျင်တဲတွေရယ်၊ ဆေးဝါးပစ္စည်းတွေရယ် ဒုက္ခ သည်တွေလက် မရောက်ပါဘူး။ စစ်ဗိုလ်တွေ ဖြတ်ယူလိုက်သတဲ့။ မဟုတ်ရင်လည်း ငြင်းပါ။ အဲဒီတုန်းက စစ်ဗိုလ်တွေ ခုလည်း ရှိနေသေးသလို ဒုက္ခသည်တွေကလည်း အသက်ရှင်ဆဲ ရှိအုံးမှာပါ။ အဲဒီတော့ စစ်ဗိုလ်တွေကို ပြည်သူတွေကလည်း မယုံပါဘူး။ သင်ခန်းစာတွေ များခဲ့ပါပြီ။
ဆိုင်ကလုန်းမုန်တိုင်း စဲလျှင်စဲခြင်း စစ်တပ် သတင်းဌာနတွေက ပထမဆုံးကြေညာတာက ဘယ်လို ကယ်ဆယ်ရေးတွေ လုပ်မယ်ဆိုတာ မဟုတ်ပါ။ စစ်တပ် အာဏာရှင်စနစ် တည်မြဲ ရေးအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲကြီး ဆက်လုပ်မယ်ဆိုတာပါပဲ။ လူတိုင်း အံ့အားသင့်ကြရပါတယ်။ ပြည်သူတွေရဲ့ အသက်ကယ်ရေးထက် သူတို့ရာဇပလ္လင် တည်မြဲရေးပဲ အရေးထားသူတွေပါ။ ရေနစ်သူကို မကယ်ဘဲ သေနတ်နဲ့ ချိန်ပြီး မဲပေးခိုင်းနေတယ်လေ။
ဘုန်းတော်ကြီးတွေရဲ့တရားပွဲမှာ ထိုင်ဝမ်သာသနာပြု ဆရာတော်ကြီးကတော့ “အရေးချင်း မတူတဲ့အရေး တရားတော်” ကို ဟောကြားသွားပါတယ်။ ဗိုလ်ချုပ်တွေရဲ့ အရေးသုံးပါးကို လူတိုင်းသိပါတယ်။ အဲဒီ ဘာတည်မြဲရေး၊ ဘာမပြိုကွဲရေး၊ ဘာကာကွယ်ရေးဆိုတာ မဟုတ်ဘဲ ဘုရားဟောတဲ့ “ဒို့အရေး လေးပါး” ပါ။ ဘုရားက ရဟန်းတွေမှာ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊
ဆေး” ဆိုတဲ့ ပစ္စည်းလေးပါးကို အခြေခံ လိုအပ်ချက်အဖြစ် ဟောပါတယ်။ လူတွေအတွက်ဆိုရင် “စားဝတ်နေရေးနဲ့ ကျန်းမာရေး” ပါပဲတဲ့။ အစားရယ်၊ အ၀တ်ရယ်၊ အိုးအိမ်နဲ့ ဆေးဝါးရယ် ဒီလေးပါးပါပဲ။ ခု လေဘေးဒုက္ခသည်တွေအတွက် ဟိုအရေးသုံးပါးမလိုဘူး။ စားဝတ်နေရေးနဲ့ ဆေးဝါးလိုတယ်။ ပြည်ပရောက် ပြည်သူတွေနဲ့တကွ လူအားလုံးက ၀ိုင်းဝန်းကူညီကြပါလို့ နှိုးဆော်သွားပါတယ်။ အလွန်ရှင်းလင်းပြီး သဘာဝကျတဲ့ တရားတော်ပါပဲ။ ကပ်သုံးပါး ဆိုက် နေတာကို မဲတောင်းနေတာကတော့ တရားလွန်လှပါတယ်။ ဆန်လိုချင်တာ ကျည်ဆန်ပေးလို့ ဘယ်ဖြစ်မှာလဲ။ အာဏာလိုချင် မေတ္တာပေးရပါတယ်။ စားဝတ်နေရေး ဖြည့်ဆည်းပေးရပါတယ်။
ပြည်သူတွေ ကြုံတွေ့ခဲ့ရတာက ပင်လယ်ဘက်က တက်လာတဲ့ လှိုင်းလုံးကြီးတွေပါ။ နောက်ထပ် ရောက်လာမှာက သေပြီးရင်း သေနေကြရလို့ သေရမှာ မကြောက်တော့တဲ့ လူဆိုင်ကလုန်း လူ လှိုင်းလုံးကြီးတွေ ဖြစ်ပါလိမ့်မယ်။ ယတြာချေလို့ ရမယ်မဟုတ်ပါ။ ဗိုလ်ချုပ်ကြီးတွေ စိတ်ကောင်း မွေးကြပါ။ ။
(ခေတ်ပြိုင်ဝက်ဆိုက်ဘ်မှ)
ပြည်ပရောက်မြန်မာပြည်သားများသို့ တပ်လှန့် နှိုးဆော်ချက်
B
(နာဂစ်မုန်တိုင်း ဒုက္ခသည်များအား နိုင်ငံတကာမှ အမြန်ဝင်ရောက် ကယ်တင်ရေး မဲဆောက်မြို့ Social Action for Women (SAW) အဖွဲ့မှ တောင်းဆိုဆန္ဒပြပွဲ ကျင်းပနေစဉ်) >>>>>
Save Our People by Forced Humanitarian Intervention Immediately!!!
ကျွန်ုပ်တို့၏ နာဂစ်မုန်တိုင်းဘေးဒုက္ခသည် မြန်မာနိုင်ငံသားများကို အင်အားသုံး ၀င်ရောက်ကယ်တင်ရန် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်များ အဆင်သင့် ဖြစ်နေပါပြီ။
အင်အားသုံး ၀င်ရောက်ကယ်တင်ပေးရေး နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ အင်တိုက်အားတိုက် တက်ညီလက်ညီ ဆန္ဒပြတောင်းဆိုကြပါ။
(ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှ)
Monday, May 12, 2008
Sunday, May 11, 2008
နောက်မုန်တိုင်းတခု လာနိုင်သည်ဟု ကုလသမဂ္ဂ သတိပေး
B
နောက်မုန်တိုင်းတခု လာနိုင်သည်ဟု ကုလသမဂ္ဂ သတိပေး
ဧရာဝတီ မေ ၉၊ ၂၀၀၈
နောက်ထပ် မုန်တိုင်းတခု မြန်မာပြည်ကို ဦးတည်လာနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ယနေ့ သတိပေး ကြေညာလိုက်ကြောင်း AFP သတင်းတွင် ရေးသားဖော်ပြထားသည်။
၎င်းမုန်တိုင်းမှာ ကြောက်မက်ဖွယ်ရာ နာဂစ် ဆိုင်ကလုံး မုန်တိုင်းနောက်မှ ဖြည်းညင်းစွာ ရွေ့လျားလာသော နာက်ဆက်တွဲ မုန်တိုင်း ဖြစ်ပြီး အခြေအနေ အမျိုးမျိုးဖြစ်သွားနိုင်သည်ဟု ဆိုထားသည်။
နာဂစ်မုန်တိုင်း ဒဏ်ကြောင့် အနည်းဆုံး လူဦးရေ ၁.၅ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁ သိန်းကျော် သေဆုံးခဲ့ရသဖြင့် မုန်တိုင်းဆိုသည့် အသံကပင် မြန်မာပြည်သူလူထုအတွက် အလွန် ထိတ်လန့် ကြောက်ရွံ့ ဖွယ်ရာ ဖြစ်နေရကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် ဟိုဆေးကပြောသည်။
“ကျနော်တို့ မိုးလေဝသ ပညာရှင်တွေရဲ့ အဆိုအရတော့ လာမယ့် ၇ ရက်အတွင်း မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ သိရပါတယ်” ဟု ဟိုဆေးက AFP သို့ ပြောကြားလိုက်သည်။
“လူတွေမှာ အမိုးအကာမရှိတဲ့အချိန် နောက်ထပ်မိုးသည်းထန်မယ့် ကိစ္စက တော်တော် ကြီးမယ့် ပြဿနာ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆက်ပြောသည်။
“ရေကြောင့် ကူးစက်ရောဂါတွေ ပျံ့နှံ့နိုင်တာနဲ့ အမိုးမရှိတာနဲ့ မုန်တိုင်းထပ်လာဦးမှာနဲ့….။ နောက်တခါ မုန်တိုင်းထပ်လာလို့ မြစ်ဝကျွန်းပေါ် ဒေသကိုဝင်ခဲ့ရင်…ပြဿနာကတော့ အကြီးကြီးပဲ” ဟု၎င်းကပြောသည်။
နှစ်ပေါင်းများစွာ အထီးကျန်စွာ နေခဲ့သော မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာ အကူအညီများကို အစောပိုင်းကာလက လက်ခံမည်ဟု ဆိုခဲ့သော်လည်း သဘာဝဘေးဒဏ် ကယ်ဆယ်ရေးကျွမ်းကျင် ပညာရှင်များ အပါအဝင် ကယ်ဆယ်ရေး လုပ်သားများကို လက်ခံရန် အဆင်သင့်မဖြစ်သေးပေ။
“အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ မြန်မြန် ကြိုတင်ဆောင်ရွက်မှုတွေ မလုပ်ဘူး ဆိုရင် မကြာခင်လာမယ့် ဆိုင်ကလုံန်းကြောင့် နောက်ထပ် လူတွေအများကြီး သေရဦးမယ်” ဟု ဟိုဆေးက ပြောသည်။
ယခုအချိန်သည် မြန်မာပြည်၌ မုတ်သုန်ရာသီ အစပျိုးချိန်ဖြစ်သောကြောင့် မိုးသက်မုန်တိုင်းများ ကျရောက်ကာ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသော အချိန်လည်း ဖြစ်သည်။
“မုန်တိုင်းမလာလည်း မိုးရာသီကစပြီ။ အမိုးမရှိတဲ့အိမ်တွေကတော့ တော်တော်လေး ဒုက္ခရောက်ရ ဦးမှာပဲ” ဟု ရန်ကုန်မြို့မှ ဒေသခံတဦးက ပြောသည်။
ခိုင်လုံသော မိုးလေဝသ သတင်းရပ်ကွက်တခု၏ အဆိုအရ မြန်မာပြည်သို့ နာဂစ်မုန်တိုင်း မဝင်ရောက်မီ အစောပိုင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် သတိပေးကြေညာစဉ် ကတည်းက မိုးလေဝသနှင့် ဇလဗေဒ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က ပြင်းထန်သည့် မုန်တိုင်းဖြစ်နိုင်ကြောင်း နေပြည်တော်သို့ အကြောင်း ကြားခဲ့သည်ဟုဆိုသည်။
သို့ရာတွင် နေပြည်တော်မှ တာဝန်ရှိသူများက ပြည်သူလူထု အထိတ်တလန့်ဖြစ်မည် စိုးသောကြောင့် ၎င်းသတင်းကို ကြေညာခြင်းမပြုရန် ပိတ်ပင်ခဲ့သည်ဟု သိရသည်။
မြန်မာအနုပညာရှင်များ လေဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီ
B
မြန်မာအနုပညာရှင်များ လေဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီ
ကိုသက် မေ ၁၁၊ ၂၀၀၈
ထင်ရှားသည့် ရုပ်ရှင်၊ ဂီတနှင့် စာပေနယ်ရှိ အနုပညာရှင်များ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြသူများထံ သွားရောက်ကာ ကောက်ခံရရှိသည့်စားနပ်ရိက္ခာနှင့် အကူပစ္စည်းများ သွားရောက် ပေးအပ်သည်ဟု လူရွှင်တော် ဇာဂနာက ဧရာဝတီကို ပြောသည်။
အနုပညာရှင်များသည် ဆန်၊ အ၀တ်အထည်၊ ဆေးဝါး၊ မိုးကာနှင့် ငွေကြေးတို့ကို ဧရာဝတီတိုင်းရှိ ဘိုကလေးနှင့် ဒေးဒရဲ၊ ရန်ကုန်တိုင်းရှိ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် လှိုင်သာယာမြို့နယ်များသို့ သွားရောက် လှူဒါန်းကြသည်။
“ပြည်သူတွေတကယ် ဒုက္ခရောက်နေတယ် … ဒီတော့ တို့တတွေ လှူကြရအောင်ဆိုပြီး နိုင်သလောက် ဝိုင်းလှူကြတာပဲ။ မနက်ကဆို စင်ကာပူကအလှူရှင်တွေက အထည်တွေလှမ်းလှူလို့ အခုပဲသွားယူနေတာ” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။
လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အနုပညာရှင်များတွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် ကျော်သူ၊ လူမင်း၊ လွင်မိုး၊ ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ နေတိုး၊ မျိုးစန္ဒီကျော်၊ ဦးအောင်လွင်၊ မေသန်းနု၊ ခန့်စည်သူ၊ ဝေဠုကျော်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ မိုးဟေကို၊ ဒါရိုက်တာ မိုက်တီး၊ အယ်ဒီတာ ဇော်သက်ထွေး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ လူရွှင်တော် ညောင်ညောင်နှင့် ဇာဂနာ တို့ပါဝင်သည်။
ယနေ့နံနက်ပိုင်းတွင် သရုပ်ဆောင် ဝေဠုကျော်နှင့်အဖွဲ့က ဧရာဝတီတိုင်း မြောင်းမြမြို့နယ်သို့သွားကာ ဆန်အိတ် ၃၀၀၊ ကျပ်ငွေသိန်း ၃၀၊ အ၀တ်အစားနှင့် မိုးကာများကို သွားရောက်လှူဒါန်ကြောင်း သိရသည်။
“မင်းသား၊ မင်သမီးတွေ သရုပ်ဆောင်တွေ သွားတဲ့အခါကျတော့ တော်ရုံလူအန္တရာယ်မပြုရဲဘူးပေါ့။ ဘိုကလေးကို ဆန်အိတ်ပေါင်း ၁၀၀၀ နဲ့ ကျပ် ၁၈ သိန်း၊ အ၀တ်အစားနဲ့ ဆေးတွေပေးဖို့ရှိတယ်” ဟုလည်း လူရွှင်တော် ဇာဂနာက ပြောသည်။
ယမန်နေ့က သရုပ်ဆောင် လူမင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်သို့ သွားခဲ့ကြပြီး မနက်ဖြန်တွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်အဖွဲ့က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်သို့ သွားမည်ဖြစ်သည်။ ယခုလ ၁၄ ရက်နေ့နှင့် ၁၅ ရက်တို့တွင် သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ကျော်ရဲအောင်တို့က ဧရာဝတီတိုင်း ဘိုကလေးမြို့သို့ သွားကြမည်ဖြစ်သည်။
အနုပညာရှင်များ ကောက်ခံရရှိသည့် အကူအညီစာရင်းအရ ကျပ်ငွေ သိန်း ၃၀၀ ခန့်၊ အ၀တ်အစား အစုံ ၅၀၀၀၊
ဆေးဝါးနှင့် စောင် ကျပ်သိန်း ၄၀ ဖိုးခန့် ရှိသည်။
“ရန်ကုန်မြစ်ကြီးညှီနေပြီ … မကြာခင် ၀မ်းရောဂါနဲ့ ယားနာ ဆိုတာလာတော့မယ်။ အားလုံးမှာတာဝန်ရှိပါတယ်” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။
စစ်အစိုးရထုတ်ပြန်သည့်စာရင်းများအရ နာဂစ် မုန်တိုင်းကြောင့် လူဦးရေ ၂၃၃၅၀ သေဆုံးပြီး ၃၇၆၁၉ ဦး ပျောက်ဆုံးကာ တသန်းထက်မနည်း အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည်ဟု ပြောသည်။
ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ တသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ
အဝေးရောက်ကဗျာတစ်ပုဒ်
B
မစ်ရှီဂန်နွေဦး
(အောင်ဝေး)
ဒီနွေဦးမှာ
ဂျူးလိယက်ဖူးချစ်ကို သတိရသလို
ယာမာဂူချီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ပါဘလိုနီရူဒါကိုသတိရသလို
ဒဂုန်တာရာကိုလည်း သတိရတယ်။
ဒိနွေဦးမှာ
မဲဆောက် ဒေါင်းရင်ပြင်ကို သတိရသလို
တာမွေ ၁၆၄ လမ်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ရွှေလီက မြန်မာတန်းကို သတိရသလို
ရန်ကုန်က တရုတ်တန်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ကျော်သူနဲ့ ရွှေဇီးကွက်ကို သတိရသလို
အင်ဂျလီနာဂျီုလီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ချာလီချက်ပလင်ကို သတိရသလို
ဇာဂနာကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဘော့ဘ်ဒိုင်လန်ကို သတိရသလို
ခင်ဝမ်းနဲ့ ထူးအိမ်သင်ကိုလည်းသတိရတယ်။
ဒီနွေဦးမှာ
မော်ရဲ့ချန်ချင်းကို သတိရသလို
ကိုဗဟိန်းရဲ့ မခင်ကြီးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
အော့ဇဝစ်ကို သတိရသလို
စောဝေကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
သီးလေးသီးနဲ့ ဆေးရောင်စုံကို သတိရသလို
အဖြူရောင်သက်တံကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
နန္ဒာလှိုင်ကို သတိရသလို
စုစုနွေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
မန်ချက်စတာယူနိုက်တက်ကို သတိရသလို
စိုးမြတ်မင်းတို့ ဘဏ္ဍာအခွန်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဗန်ဂိုးရဲ့ဆိုက်ပရပ်စ်လမ်းကို သတိရသလို
တောင်ကြီးမြို့ က ချစ်သူလမ်းကြားကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ငုယင်ဗန်ထရွိုင်းကို သတိရသလို
ဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
မစ္စစ္စပီကို သတိရသလို
ဧရာဝတီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ခရစ္စတီးနားရဲ့ ကမ္ဘာကို သတိရသလို
မြောက်ဒဂုံကအိမ်ကလေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဆရာတင်မိုးကို သတိရသလို
မန္တလေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ပဒိုမန်းရှာလားဖန်းကို သတိရသလို
ကြွက်နီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
အင်တာနေရှင်နယ်သီချင်းကို သတိရသလို
နတ်ရှင်နောင်သီချင်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဂက်တီးစဘတ်မိန့် ခွန်းကို သတိရသလို
ယင်အန်းမိန့် ခွန်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဝက်သစ်ချပင်နဲ့ ဖဲကြိုးဝါကို သတိရသလို
ပိတောက်ပန်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
စွန့် လွှတ်မှုကို သိရသလို
စွန့် စားမှုကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ငါသတိအရဆုံးကတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ 
မေလတော်လှန်ရေးပါပဲ။ ။
မောင်ရစ်ပေးပို့ သည်
B
မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ
"ရန်ကုန်မြစ်ကြီး ညှီပြီင်္း အနံအသက်တွေ ထွက်နေပါပြီ"
ရုပ်ရှင်ပညာရှင်၊ အနုပညာရှင်တွေနဲ့ စာနယ်ဇင်းပညာသည်တွေ စုစည်းလို့ လေဘေးဒုက္ခသည်တွေကို အတတ်နိုင်ဆုံး အကူအညီပေးဖို့ ကြိုးစားနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကယ်ဆယ်ရေးကော်မတီဖွဲ့စည်းလို့ အဖွဲ့ချုပ်က လူကြီး၊ လူငယ်တွေက ၀ိုင်းဝန်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ စစ်အစိုးရက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်။ ဒါကြောင့် အခု အရင်ဆုံး အခြေဥပဒေကို အရင်ဆုံး ၀ိုင်းအားပေးကြလို့ ဆိုနေတာကြောင့် မုန်တိုင်းသင့်ထားတဲ့ အလောင်းတွေ၊ လူနာတွေနဲ့ ဒုက္ခသည်တွေအတွက် အားတွေ မပေးနိုင်သေးကြောင်း သူ့အလုပ်တွေနဲ့ သက်သေပြလျက်ရှိပါတယ်။
လမ်းမှာ အပြေးအလွှားသွားနေတဲ့ ပြည်သူ့မိတ်ဆွေ ကိုဇာဂနာနဲ့ မိုးမခတို့ စကားလက်ဆုံ တခဏတာ ပြောဖြစ်ခဲ့တာလေးကို တင်ပြလိုက်ပါတယ်။
မေး - အလုပ်တွေ များနေပါလား။ အပြေးအလွှားတွေချည်း တွေ့နေရတယ်။
ဖြေ - ဟုတ်တယ်။ အခု ဆေးတွေ၊ အစားအသောက်တွေ လိုက် အလှူခံနေတာ။ အ၀တ်အစားတွေ ၂ သောင်းလောက် စင်္ကာပူက ရောက်တယ်။ အခု ကိုကျော်သူတို့ လှည့်ဝေနေပြီ။
မေး - အခြေအနေ ဘယ်လိုရှိသလဲဗျာ။
ဖြေ - ရန်ကုန်မြစ်ကြီး တခုလုံး ညှီနေပြီဗျာ။ ရန်ကုန်မြို့ကြီးမှာလည်း အနံအသက်တွေ မကောင်းတော့ဘူး။ နယ်တွေကို မပြောနဲ့အုံး။ ကလေးတွေ ဆေးရုံတွေမှာ၊ ဆေးခန်းတွေမှာ။ ၀မ်းပျက်တယ်။ ၀မ်းလျှောတယ်။ အနာတွေလည်း ပေါက်တယ်။ ဘာအနာလေးတွေမှန်းတောင် မသိဘူး။
မေး - ဘာတွေ လိုနေသလဲ။ ဘာတွေ ရှိပြီလဲ။
ဖြေ - အကုန်ပဲ။ လိုတာ။ ဘာမှ မရှိဘူး။ လှိုင်သာယာ၊ ကွမ်းခြံကုန်း၊ တောင်ဒဂုံ … ဟာ … နေရာ အနှံ့ပါပဲ။ ဆန်က အရေးကြီးတယ်။ ဆန်ထုပ်ကလေးတွေ ထုပ်ဝေရတာပေါ့။ ရေသန့်ဆေးပြားတွေ လိုတယ်။ ဆေးတွေ လိုတယ်။ အနာလိမ်းဆေးတွေ။ ၀မ်းပျက်ဆေးတွေ။ ၀မ်းပျက်စေတဲ့ဆေး မဟုတ်ဘူးနော်။ ၀မ်းပျက် ၀မ်းကိုက် ပျောက်ဆေး။
မေး - ဟုတ်ကဲ့။ အကိုတို့လို လူမှုရေးနဲ့ အမျိုးသားရေးမှာ တက်ကြွပြီင်္း အတွေ့အကြုံရှိတဲ့၊ ခံနိုင်ရည်တွေ ရှိတဲ့ ဝိုင်းတော်သားတွေ၊ မိသားစုတွေ၊ အနုပညာရှင်တွေကို ၀ိုင်းပြီး ၀န်းရံကြဖို့ လုပ်အားဝိုင်းပေးကြဖို့ အရေးကြီးတာပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့တွေကိုလည်း လက်တွဲဆောင်ရွက်နေကြပြီပေါ့။
ဖြေ - ဒီအချိန်မှာ အားလုံးက ဒုက္ခသည်တွေချည်းပဲ။ ဒုက္ခနည်းနည်းရောက်တဲ့သူက ဒုက္ခများများရောက်တဲ့သူကို ၀ိုင်းဝန်း ကူညီစောင့်ရှောက်နေရတာ ဖြစ်တယ်။ တမြို့လုံး အနံအသက်မကောင်းတာကနေ အားလုံးဆီ မပျံ့နှံ့ဖို့ လိုတယ်လေ။ အစားအသောက်က အရေးကြီးသလို အခု ကျန်းမာရေးက အရေးပေါ်နေပြီ။ ရေသန့်ဆေး၊ လိမ်းဆေး၊ ဆေးမျိုးစုံတွေ … ကျွမ်းကျင်တဲ့ ပညာရှင်တွေ … လိုအပ်နေပါတယ်။
မေး - မင်းသား မင်းသမီးတွေကိုလည်း လမ်းပေါ်မှာ တွေ့နေရတယ်။
ဖြေ - ဟုတ်တယ်။ ပြည်သူတွေဟာ သူတို့ ထမင်းရှင်တွေပဲ။ အခု အများကြီး အဖွဲ့လိုက် နယ်တွေကို ဆင်းကြလိမ့်မယ်။ ဆင်းနေပြီ။ ခင်ဗျားတို့ ဓာတ်ပုံတွေ မြင်ရင် ဘယ်သူတွေလဲဆိုတာ တွေ့ကြလိမ့်မယ်။
မေး - နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေ အတွက်လည်း ဆက်လက်ဆောင်ရွက်ဆဲပဲပေါ့
ဖြေ - အမြဲတမ်း ဆောင်ရွက်နေပါတယ်။ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေလည်း လက်တွဲပြီး ကူညီနေကြတယ်။ အေးဗျာ … ပေါ်ဦး (ကိုမင်းကိုနိုင်) မျက်စိ ပြခွင့်ရခဲ့တယ်ဗျာ။ ကန်တော်ကြီးမှာ ဆိုပဲ။ အဲဒါလေး သတိရလို့ ထည့်ပြောလိုက်တာ။ အဲဒီနောက်ပိုင်း ထူးတာရှိရင် ပြောမယ်လေ။
မေး - ဟုတ်ကဲ့။ ကျနော်တို့နဲ့ အခုလို အပြေးအလွှားနဲ့ ဖြေကြားတာ ကျေးဇူးတင်ပါတယ်။
ဖြေ - နောက်တွေ့ချင်ရင် လိုက်ရှာပြီးသာ ခေါ်နော်။ ကျနော်တို့မှာ ဘာမှ မရှိဘူး။ မီးမရှိ၊ ဖုံးမရှိ၊ အင်တာနက် မရှိနဲ့။ နို့ဆီခွက်ကို ဟိုဖက် ဒီဖက် နန်းကြိုးဆွဲပြီး ပြောလို့ရရင် အကောင်းသား။
မိုးမခ
မေ ၁၁၊ ၂၀၀၈
Saturday, May 10, 2008
For Our People
B
No Vote နဲ့ ကြိုးတုပ်ပြီးရိုက်ပါ။
ငရဲသားတွေကို မဲသွားမပေးပါနဲ့ ။
မုန်တိုင်းသေတွင်းထဲကို ထမင်းသွားကျွေးကြပါ။
(မောင်လွမ်းဏီ)
ပဲ့တင်သံများ
ကယ်ပါ ကူပါ
တစာတစာနဲ့ 
မြို့ ရွာပျက်က သေတမ်းစာ။ ။
(မောင်လွမ်းဏီ)
၉-မေ-၂၀၀၈
စွမ်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့
B
Impossible Is Nothing
“ စွမ်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့”
ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာ သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။ ကင်မရာတွေလဲ ယူသွားကြ။ ရေဒီယိုတွေ ယူသွားကြပါ။
အမျိုးသမီးငယ်များ ၊ ကျောင်းပိတ်နေဆဲ ကျောင်းသူများ မိမိ ကျေးရွာ ၊ရပ်ကွက် ၊ မြို့နယ် အတွင်း တက်တက်ကြွကြွ အလှူငွေများ ၊ အ၀တ် အထည်၊ စားစရာများ အပင်ပန်းခံ လိုက်လံအလှူခံကာ ဘုန်းကြီးကျောင်းများ သို့  သွားရောက်လှူဒါန်းကြ။
Mother's Day (May, 11)
B
အမေများသို့ 
(စစ်နိုင်မင်း)
အမေ... အမေ... အမေ...
ဝေးဝေးလံလံမျှော်ကာကြည့်
သားတွေသမီးတွေကို မွှေးဖွားခဲ့တဲ့အမေ
သားတွေသမီးတွေကို သိပ်ပြီးချစ်တဲ့အမေ
ကမ္ဘာမှာပြိုင်ဆံရှားအမေမေတ္တာတရား၊
အမေ... နဲ့ သား
ခရီးအတူသွား သားကိုကြည့်ရင်း
ရွှင်လန်းနေတဲ့အမေရဲ့မျက်နှာ
ညချမ်းမှာသာတဲ့လမင်းကြီးကတောင်
အရှံးပေးရတဲ့အမေရဲ့အပြုံး၊
သားကိုအခုအချိန်ထိ
ကျွေးမွေးပေးတဲ့အမေ
ထာဝရအမေရဲ့ရင်ခွင်ထဲမှာ
သားနှစ်ခြိုက်စွာအိပ်နေပါတယ်...အမေ။ ။
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေ







Please use your liberty to promote ours.
