ရွှေပြောင်းအိပ်မက်
ဧရာဝတီမှ မစ္စစ္စပီသို့ 
ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။
မုဆိုးတွေ စည်းပျက်တော့
ယာခရိုးက
ချိုးလင်းပြာ ငှက်ကလေးလည်း
လွတ်ရာပြေးရတာပေါ့။
တရားမမျှတတဲ့အခါ
ဘ၀ဟာမလုံခြုံပါဘူး။
ရွှေဝါရောင် ညညတွေမှာ
ခဏခဏပြောင်းပြောင်းအိပ်ရတဲ့
ပုန်းခိုကျင်းကလေးတွေ။
ပြေးနေတဲ့ လူရဲ့စိတ်ဟာ
လေးလံလွန်းလှပါရဲ့။
အိပ်မက်ကို မစွန့် လွတ်နိုင်ဘူး
သွားလေရာ
အပင်ပန်းခံ လွယ်လွယ်သွားရတယ်။
ခုလည်းပဲ
ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ်
ကိုယ့်အိပ်မက်နဲ့ ကိုယ်။
မပျော်ပါဘူး
တတိယနိုင်ငံဆိုတာ
ပထမနိုင်ငံမှမဟုတ်တာ။ ။
အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)
Mandalay Gazette,Oct-2008
Saturday, October 11, 2008
မစ်ရှီဂန် ကဗျာစု
BFriday, October 10, 2008
Poetry of the fall
B
မမခင်ဦးစံပယ်သို့ တမ်းချင်း (၃)
မစ်ရှီဂန်မှာတော့
တစ်ဆောင်းသစ်ပြန်ပေါ့။
ကျွန်တော့်တိုင်းပြည်ကလေးပေါ်မှာ
ဒုက္ခမိုးတွေစွေစွေရွာနေရော့မယ်
ကျွန်တော်သိတယ်။
ရွှေဝါရောင်အောက်မေ့ဖွယ်
ရန်ကုန်လမ်းမတွေ
သွေးနဲ့ မျက်ရည် မတိတ်သေးဘူး
ကျွန်တော်သိတယ်။
လေပြင်းတွေမတိုက်ပါစေနဲ့ 
မုန်တိုင်းတွေမလာပါစေနဲ့ ။
ဝသန်မိုးဟာ အငြိုးကြီးတော့မယ်
နွားရိုင်းသွင်းချိန်
ကလေးတွေအပြင်မထွက်ပါစေနဲ့ ။
ဒီမှာတော့
နီးလာသိန်းအဖမ်းခံရတဲ့နေ့က
နယူးဂျာစီရောက် တင်းမိုးလွင်ရယ်လေ
တယ်လီဖုန်းထဲမှာ ရှိုက်ကြီးတငင်ငိုရှာတယ်။
၂၀၀၈ ဟာ အဆုံးအရုံးတွေကြီးလွန်းလှတယ်
ဒိုရာသန်းအေး(ဘိလပ်ပြန်သန်း)
ပဒိုမန်းရှာ
လူထုဒေါ်အမာ
မေရှင်
၂၀၀၈မှာ
ကျွန်တော်တို့ ပေးဆပ်လိုက်ရတာတွေများလွန်းပါရဲ့။
ကျွန်တော်တို့ ပြန်ရလိုက်တာကတော့်
ဦးဝင်းတင်တစ်ယောက်တည်းပါပဲလေ။
မနေ့က အင်တာနက်မှာ ဖတ်လိုက်ရတယ်
အင်းစိန်က ဈေးသည်မလေးတွေ
ဦးဝင်းတင် အိမ်ရှေ့ သွားချောင်းကြည့်ကြတယ်တဲ့။
“ဒီဆရာကြီးက ငါတို့ ဘ၀တွေကို
ကယ်တင်ပေးနိုင်လိမ့်မယ်”
ဈေးသည်မလေးတွေ ယုံကြည်သလို
ကျွန်တော်တို့ ယုံကြည်ဖို့ လိုတယ်။
ယုံကြည်ချက်က
မြားကိုဖြောင့်စေတယ်
တရားကို စောင့်စေတယ်။
ယုံကြည်ချက်က
ဓားကို ထက်စေတယ်
အားကို တက်စေတယ်။
ယုံကြည်ချက်က
တပ်ဦးကနေ ချီလိမ့်မယ်။
ယုံကြည်ချက်က
အလံကို မြင့်မြင့်ထူလိမ့်မယ်။
မကြာခင်
ဇာတ်သိမ်းခန်းရောက်တော့မယ်။
တကယ်ပါ
အမေရိကန်ဆောင်းဦးပေါက်မှာ
တစ်ယောက်တည်း
တိုင်းပြည်ကို လွမ်းရတာ
အရသာ အရှိဆုံးပါပဲ။ ။
အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)